တောလိုက်ကွင်း
>> Saturday, November 17, 2007
ငါ့အမာရွတ်နဲ့ငါ စကားများလို့ကောင်းတုန်း
ခြောက်ခြားဖွယ်အာမေဋိတ်တွေနဲ့
လမ်းတွေ အရိုင်းဆန်လာလိုက်တာ
ငါတို့ ဆုပ်ကိုင်ထားမိသမျှ အပြစ်ရှိနေသလိုလို…
လွတ်မချကြေး ဟေ့
လူပြိန်းပါးစပ်က ဘ၀အကြောင်းပြောလာတဲ့အခါ
ဟောဒီနယ်မြေဟာ တောလိုက်ကွင်းဖြစ်တော့တာပဲ
ငါတို့ သတိထားနားထောင်မယ်ဆိုရင်
သူတို့ရဲ့ နှာမှုတ်သံ တရှုးရှုးတောင်ကြားရဦးမယ်
ထောင်ချောက်တွေရဲ့ လက်ခမောင်းခတ်သံနဲ့
သွေးဆူသံ တပွက်ပွက်မှာ
ငါတို့ရဲ့ အသက်ဓာတ်လေးတွေ ပဲ့ပဲ့ပါသွား
ဘ၀တူချင်း ချပြရတဲ့ သက်ပြင်းတွေပဲ အဖတ်တင်နေတယ်
ဘာမှမတတ်နိုင်မယ့်အတူတူ
ဝပ်ကျင်းလေးထဲမှာပဲ ကဗျာရေး
ငါတို့ လက်လျှော့လိုက်တာမဟုတ်ဘူးလို့ ပြောခဲ့ပြီးသား
ယုံကြည်မှုနဲ့ အမှန်တရား
ညီမျှခြင်းနောက်မှာ အပေါင်းလက္ခဏာပဲ ငါတို့အလိုရှိတယ်
ငါတို့ လောဘကြီးတာမဟုတ်ဘူး
နာကျဉ်းချက်နဲ့ ကဗျာတွေဟာ ပွင့်လာတယ်
ဒါလည်း ငါဘာမှ မတတ်နိုင်တဲ့အပိုင်း
အဲဒီကဗျာတွေနဲ့ပဲ
ယုတ်ကြမ်းတဲ့ လမ်းတွေကို
ငါတို့ အတတ်နိုင်ဆုံး သွန်သင်ကြည့်ကြတာပေါ့
အလင်းတစ်ခုဆီကို …။ ။
၁၇.၁၁.၂၀၀၇ (စနေ)
၁၂း၃၁ (နေ့လည်)
1 comments:
ကောင်းလိုက်တဲ့ကဗျာလေးပါပဲ
အားပေးနေပါတယ်။
Post a Comment