အလေအလွင့် ညနေစိတ်
>> Saturday, January 10, 2009
မျက်လုံးက ဘာမှမသဲကွဲလောက်အောင် မှောင်လင်း
ငါ့ကိုငါတောင် ပြန်မမှတ်မိနိုင်တော့တဲ့ညနေပါ
ဆာလောင်မွတ်သိပ်မှုနဲ့ ငါ့အဆာအိမ်ကြီး လေးပင်ခဲ့
နွေးထွေးကြင်နာမှုတွေဆီ
မရောက်နိုင်မှန်းသိရက်နဲ့ စိတ်နဲ့ပဲလျှောက်၊ ငါ့ခြေထောက်တွေ မရွေ့ဘူး
ပြန်မလိုချင်တော့ဘူး၊ ငါပယ်ချခဲ့တဲ့ ငါ့ရဲ့ကံကောင်းခြင်းတွေကို
မာနတွေ ချွန်ထက်၊ စူးနစ်ခဲ့ဒဏ်ရာတွေ နှလုံးစွဲခဲ့ပြီ
လမ်းနဲ့အညီ ပြောင်းတတ်တဲ့နှလုံးသွေးတွေ ခက်ထန်ကြမ်းတမ်း
ငါမပျော်ဘူး၊ ဒါပေမယ့် ငါခေါင်းမာဆဲပဲ
ညစ်ပတ်စုတ်ပြတ်မှုတွေက ရှောင်မရအောင် လှပ၊ အနံ့သင်း၊ စွဲဆောင်
ငါ ခါးခါးသက်သက် ငြင်း။ ငါ မိုးခါးရေမသောက်ဘူး
ငါ့ရိုးသားမှုနဲ့ ငါ့တရားနဲ့ ငါ့ဆာလောင်မှုနဲ့
သက်ပြင်းတွေကြားထဲမှာပဲ နေ၀င်သွားပြီ
ရောက်သင့်ရက်နဲ့ရောက်မလာတဲ့ စိုးရိမ်ပူပန်မှု
ရှိသင့်ရက်နဲ့မရှိတဲ့ နောင်တ
ငါမတ်တပ်ထရပ်လိုက်မှုက ဘာ နာမ၀ိသေသန မှမပါအောင် ရိုးရှင်းလွန်းရဲ့
လျှောက်မယ်လေ
လမ်းရှိသရွေ့ ငါ့ခြေထောက်တွေရှိရမယ်မဟုတ်လား
0 comments:
Post a Comment