သူငယ်ချင်းများ
>> Friday, February 20, 2009
အရင်တုန်းကတော့ ငါးယောက်မပြည့်ရင် လူမစုံဘူး
အခုတော့ တစ်ယောက်တည်းလည်း လူစုံတယ်
ငါးယောက်ကနေ သုံးယောက်
နောက် နှစ်ယောက်, နောက် တစ်ယောက်တည်း
ဘ၀ကို လုံးကြီးတင်တွေ ဆံခတ်တွေ သေးသေးတင်တွေ တင်ကြည့်တာပါ
နောက်ဆုံးတော့လည်း မူလအသံ မူလအက္ခရာနဲ့ပဲ စခန်းပြန်သွား
အသေအချာ ချိန်းထားရင်တောင် တွေ့ဖြစ်ချင်မှတွေ့ဖြစ်
တွေ့ချင်လို့ ဖုန်းမဆက်ဘဲ အိမ်သွားလိုက် … ရှိချင်မှ ရှိမယ်
ဖုန်းအဆက်အသွယ်ရလည်း အားချင်မှအားမယ်
အားလည်း တစ်မြို့တည်းအတူရှိချင်မှရှိမယ်
အရင်ကလောက် တစ်ယောက်ကိုတစ်ယောက် ထဲထဲဝင်ဝင် မရှိတော့ဘူး
တစ်ယောက်ပြဿနာ တစ်ယောက်သိပ်စိတ်မ၀င်စားနိုင်တော့ဘူး/ချင်တော့ဘူး
ကိုယ့်ပြဿနာကိုပဲ တကယ့်ပင်လယ်ကြီးထင်နေတယ်…ဖြတ်ကူးရဦးမယ်
ကိုယ့်အတွယ်အတာလေးတွေဆီ ကိုယ်ပျံသန်းရဦးမယ်
ဒါပေမယ့် တစ်ယောက် ဆဲ ရင် တစ်ယောက် ရယ်နိုင်သေးတယ်
တစ်ယောက် foul ရင် တစ်ယောက် သည်းခံနိုင်သေးတယ် (အရင်ကထက်ပိုပြီး)
တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက်
ကြီးကြီးကျယ်ကျယ် အကြံဥာဏ်တွေပေး (လက်ခံချင်မှလက်ခံတယ်)
ပျစ်ပျစ်နှစ်နှစ်ဝေဖန် … ဒါကတော့ စိတ်မဆိုးကြေးပဲ (စိတ်ဆိုးလဲ ဂရုမစိုက်)
တစ်ခါတစ်လေ ဘုရားဟောကျမ်းထဲက မိတ်ဆွေတုတွေ ဖြစ်လိုက်ကြ
တစ်ခါတစ်လေ တစ်ယောက်နောက်ကျောက
စိုက်နေတဲ့ဓားနဲ့ စိုက်လာမယ့်ဓားတွေကို ရှာဖွေပေးလိုက်ကြ
တစ်ခါတစ်လေ ကိုယ်တိုင် ထိုးစိုက်လိုက်ကြ
နောက်တော့လည်း မေ့မေ့ပျောက်ပျောက်
ဒါတွေအားလုံး စိတ်မဆိုးကြေးပဲ (စိတ်ဆိုးလဲ ဂရုမစိုက်)
ငယ်ကျိုးငယ်နာတွေ ပြန်ဖော်ကြတဲ့အခါ
အကောင်းဆုံးဟာသတွေထက်တောင် ငါတို့ပိုရယ်ကြသေးတယ်
ဒါပေမယ့် တစ်ယောက်မှမလွမ်းဘူး
ရွေ့ပြီးသားအရွေ့ဟာ မူလအနေအထားအတိုင်းပြန်မဖြစ်နိုင်တော့ဘူး
ပြန်လဲမလိုချင်တော့ဘူးလေ
ဒီလိုပဲလေ
ငါတို့သူငယ်ချင်းတွေ
မီးလျှံစမ်းချောင်းလေးတွေလိုစီးဆင်း …ရှောရှောရှူရှူ…
0 comments:
Post a Comment