Pages

လက်ရှိအခြေအနေ

>> Friday, November 27, 2009

ရာသီဥတု မကောင်းလို့
ငါတို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ဖြစ်ဘူး
ငါ့ဦးနှောက်တွေလဲ အေးခဲလို့
ငါ့ရဲ့ကဗျာတွေ ဘာဖြစ်သွားလဲ ဘယ်မှာလဲ

သက်ပြင်းငွေ့ငွေ့နဲ့
အရူးတစ်ပိုင်း၊ အရူးနှစ်ပိုင်း
တစ်လုံးမှ မူးမယ်ဆိုလဲ တစ်လုံးချကွာ
ငါကတော့ မသောက်ဘဲ ချာချာလည်တဲ့ကမ္ဘာမှာ
အမုန်းတွေ မရှိသင့်ဘူးဆိုတာကို ဟားတိုက်မယ်
လာရိတဲ့ သူငယ်ချင်းကို ပယ်ပယ်နယ်နယ် ဆဲမယ်
ဆင်ခြင်တုံတရားနဲ့ အိမ်ကိုလွမ်းမယ်
လေဒီဂါးဂါးနဲ့ ရှက်ကီရာကို သောက်မြင်ကပ်မယ်

ကိုယ်ဖက်ကို ကိုယ်ယက်ဖို့ ငါတို့မှာ ခြေနှစ်ဖက် လက်နှစ်ဖက်နဲ့
နှစ်ဖက်ရှတတ်တဲ့ မာနတွေနဲ့
ဘ၀ကို ခုတ်ထစ်ဖြတ်ပိုင်းပြီး တစ်ပိုင်းချင်းဆီ မဝေငှနိုင်ဘူး
မကျေနပ် လေဖြတ်ပေါ့
ဘ၀တွေက အခြားကြီး

ကိုယ့်အပူ သူ့အပူ ဘာလို့ အကူးဆက်ခံမလဲဗျာ
နေသာသလိုနေ ... ထမ်းမထားနဲ့ တဲ့
ဟုတ်ကဲ့
နေသာသလိုနေပါတယ်... ထမ်းမထားပါဘူး
သွေးကြောထဲ စီးဆင်းနေတဲ့ အပ်လိုပဲ
ဘယ်အချိန် နှလုံးသားကို ထိုးဆိုက်မလဲ
ဆိုက်ဆိုက်မြိုက်မြိုက်

ရာသီဥတုမကောင်းလို့ပါ
ဒီကဗျာကြောင့် ခေါင်းကိုက်သွားတယ်ဆိုလဲ
ခွင့်လွတ်ပါ သူငယ်ချင်းတို့
ကိုယ့်အပူ သူ့အပူ ဘာလို့ အကူးဆက်ခံမလဲဗျ... နော်

6 comments:

အိုင်လွယ်ပန် November 27, 2009 at 4:15 PM  

သွေးကြောထဲ စီးဆင်းနေတဲ့ အပ်လိုပဲ
ဘယ်အချိန် နှလုံးသားကို ထိုးဆိုက်မလဲ
ဆိုက်ဆိုက်မြိုက်မြိုက် ...
ဟုတ်တယ်ဗျာ ...
ကိုယ့် အပူနဲ့ ကိုယ်တွေကြား
ကိုယ့်အပူ သူ့အပူ ဘာလို့ အကူးဆက်ခံမလဲဗျ... နော် ။

MANORHARY November 28, 2009 at 9:37 AM  

ကိုယ်ဖက်ကို ကိုယ်ယက်ဖို့
ငါတို့မှာ ခြေနှစ်ဖက် လက်နှစ်ဖက်နဲ့
နှစ်ဖက်ရှတတ်တဲ့ မာနတွေနဲ့
ဘ၀ကို ခုတ်ထစ်ဖြတ်ပိုင်းပြီး တစ်ပိုင်းချင်းဆီ မဝေငှနိုင်ဘူး.............
........
ဟုတ်ပ အဲဒါနဲ့ပဲ တစ်ကိုယ်စာလောင်မြိုက်မှုတွေ
ကြီးမားတောက်ပလာခဲ့ .. ပြာကျလုနီးနီး..

ကဗျာလှည်းလေး November 28, 2009 at 1:51 PM  

နှစ်ဖက်ရှတတ်တဲ့ မာန။ သွေးကြောထဲ စီးဆင်းနေတဲ့ အပ်။ အဲဒီစကားလုံးတွေမိုက်တယ်။

အဆင်ပြေပျော်ရွှင်ပါစေ ကိုယ့်လူ။

thunthurathway November 28, 2009 at 5:13 PM  

အခန်းချင်းကပ်လျက်က လောင်တဲ့မီးလိုမျိုး
တမြေ့မြေ့ ကူးစက်ခြင်းခံရ..
ဟုတ်ကဲ့ ၊
ရှောင်နိုင်လည်း မလွတ်တော့ပါ
မီးလျံတစ်ခုက ဒီရင်ဘတ်ကို လာဟပ်ခဲ့ပြီမို့.....

လင်းဒီပ November 29, 2009 at 10:47 PM  

ကိုယ်လည်း မူးနေတယ်ကွာ ရာသီဥတု မကောင်းလို့...:P

ချမ်းလင်းနေ December 2, 2009 at 6:42 AM  

ရာသီဥတု ကောင်းလာမယ့်နေ့
ရောက်တော့မည်။

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP