Pages

ဒုက္ခကိုလွယ်ပြီး အားလုံးအဆင်ပြေပါတယ်ပြောတယ်

>> Wednesday, August 26, 2009

ရှိတဲ့ထမင်းနဲနဲလေးကိုပဲ အများကြီးရှိသလိုအကြာကြီးစားတယ်
ဗိုက်ကလေး မ၀တ၀ကိုပဲ အ၀ကြီးဖြစ်နေသလို ရေသောက်တယ်

ဆရာပြောသမျှ တစ်စွန်းတစ်စကြားပြီး သိသလိုလို ခေါင်းညိမ့်တယ်
တစ်လုံးမှနားမလည်တဲ့စာတွေကို နားလည်သလိုခပ်တည်တည်ကျော်ဖတ်တယ်

ဖြစ်နေပုံများပြောပါတယ်
မိုးရွာနေတာသိရက်နဲ့ ထီးမဆောင်းဘူး
ဖိနပ်ထဲက ခဲလုံး၊ များများနင်းပေးရုံနဲ့ ထွက်မသွားဘူး

မေမေရေ...
ဒီနေ့ကျွန်တော် ကိုယ့်ကိုကိုယ် အမှန်ပြောဖို့ ဘာကြောင့်များခက်နေရပါလိမ့်။
ဒုက္ခကိုမှ အလှဆင်လွယ်ပြီး
အားလုံးအဆင်ပြေပါတယ် ပြောမိတယ်လေ။

Read more...

မှတ် မှတ် ရ ရ

>> Friday, August 21, 2009

မှတ် မှတ် ရ ရ
သူငယ်ချင်းရေ
မနက်ဖြန် ဆိုတာ ငါတို့မပိုင်သေးတဲ့အရာတစ်ခု
ဒီနေ့ဆိုတာလဲမရေ ရာခြင်းများစွာနဲ့
ပြီးသွားတဲ့ မနေ့ကတွေကလဲ မှုန်ဝါးဝါးနဲ့
ပြန်တွေ ကြည့် တော့ လဲ ဘာရယ်မှမဟုတ်ပါဘူးကွာ
ငါတို့ရင်ဘတ်တွေ အခိုးခံ ခဲ့ရတယ်
ငါတို့ကြည်ဖြူစွာနဲ့ဘဲ လက်ပိုက်ကြည့်နေခဲ့တယ်
လိုမှမလိုအပ်ဘဲကွာ..ကလေးတွေလိုအော်မနေတော့ပါဘူး
တစ်ချိန်ကြတော့လည်း လူကြိးဘ၀ စားမြုံ ပြန်စရာပေါ့...
ငါဆိုခဲ့သလိုဘဲ
ဘာမှလဲတွေးမထားချင် သလို
ဘာမှလဲမစဉ်းစားထားဘူး
လက်ရှိ အတိုင်းဘဲ
ဝါကျ တစ်ကြောင်းကို အနှောင်အဖွဲ့ကင်းကင်းနဲ့
အဓိပ္ပါယ်ရှိရှိ ဆက်ရေးကြတာပေါ့.....

လက်ရုံး

Read more...

နှစ်နှစ်ဆိုတာ ဘာမှ မကြာဘူး

နှစ်နှစ်ဆိုတာ ဘာမှ မကြာဘူး
ဒီနေ့ဆိုတာက ကြာတယ်

အများကြီးပြောင်းလဲမသွားဘူး ဒီနေရာမှာပဲ ရပ်နေခဲ့တာ
မေးခွန်းတွေ အဖက်ဖက်က ထိုးနှက်
ဒဏ်ရာပေါ် ဒဏ်ရာဖြတ်
ရိုးသားမှုကို အစမ်းသပ်ခံဖို့ ငါတို့ရဲရင့်ခဲ့ကြတာ

ဒီနေရာမှာပဲ ငါတို့ နှလုံးသွေးတွေ မြုပ်နှံခဲ့တယ်
တူးဖော်ကြည့်ကြ
ဒီနေရာမှာပဲ ငါတို့ ခံစားချက်တွေ လေဟုန်စီးခဲ့
ဒီနေရာမှာပဲ လွတ်လပ်မှုကို ရှာဖွေ မြတ်နိုးခဲ့

အများကြီးမဟုတ်ရင်တောင် အထိုက်အလျှောက်တော့ ပေးဆပ်ခဲ့ချင်တာပါ
ရှားပါးလာတဲ့အချိန်တွေနဲ့ ရင်းပြီးလေ

မနှစ်က လက်ရုံးပြောခဲ့သလိုပဲ
ဒုက္ခတွေ ဘယ်လောက်ပဲထက်မြနေပါစေ
ရင်ခုန်သံတွေ လတ်ဆတ်နေသရွှေ့
ငါတို့စာမျက်နှာတွေ ရှိနေဦးမယ်
အသေအချာပါပဲ။

Read more...

ဝံပုလွေများ

>> Wednesday, August 19, 2009

ကမ္ဘာမြေကြီးပေါ်ကို ရောက်လာကတည်းက
လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လို့
မကျေနပ်နိုင်တဲ့ ဆာလောင်မွတ်သိပ်မှုနဲ့
သူတို့ … လောကကြီးကိုတစ်ချက်ဝေ့ကြည့်တယ်

ဒီလိုနဲ့
သဘာဝတရားရဲ့ သွေးကြောထဲမှာ
အတ္တတွေပြိုင်ဖို့
သူတို့ တက်တက်ကြွကြွအသက်ရှူမှန်ကြတော့တယ်

အနည်းဆုံးတော့
တဖက်လူကို ထိုးနှက်ဖို့
သူတို့အရေပြားအောက်မှာ
ကိုယ်ပိုင်အမှန်တရားချွန်ချွန်တစ်ခု ဖွက်ထားကြလိမ့်မယ်

ကောက်ကျစ်မှုအကြောင်းပြောတော့ စကားလုံးတွေ သိပ်လှတာပဲ
ထောင်ချောက်ပေါင်းမြောက်များစွာ စကားတွေကြား ဖွက်ထားကြတယ်
ပြုံပြတဲ့အပြုံးမှာ ထက်မြတဲ့ အစွယ်တွေနဲ့

ဟုတ်ကဲ့ … မင်္ဂလာပါခင်ဗျာ …တဲ့။

Read more...

လူပျင်းစကား

>> Sunday, August 16, 2009

ဘ၀နဲ့ လွဲနေတာတော့ ကြာပြီ အဖေ
ပျင်းပျင်းရှိတိုင်း အုန်းလွဲအောင် အိပ်တတ်သူကျွန်တော်လေ
ကြာတော့ လူကိုယ်တိုင်က နှစ်ဆယ်သုံးနှစ်ပိုင်းတစ်ပိုင်း တိမ်းစောင်းခဲ့

အမြင်တွေမှားနေတာလား၊ အမှားတွေ မြင်နေတာလား
ဘယ်ဒင်းက ပိုမှန်မလဲ
အဖြေမရှိဘူးအဖေ၊ ကျွန်တော်က လူပျင်းပါ
ပျင်းလို့ ဘာမှ မပြောပဲ အပြင်ထွက်ထိုင်နေတာ ကြာပြီပဲ

အဖေ အားမလိုအားမရဖြစ်ချင်လည်း ဖြစ်စရာ ကျွန်တော်ပါ
ဘာတစ်ခုမှ ပြီးအောင်မလုပ်ခဲ့သူ ကျွန်တော်ပါ
အသုံးမကျတဲ့စကားလုံးတွေနဲ့ စကားတွေအများကြီးဖြုန်းတီးခဲ့သူ ကျွန်တော်ပါ
အခက်ခဲဆုံး ပထမဆုံးခြေလှမ်းကို
အပျင်းပေါင်းတစ်ထောင်နဲ့ ပေပေတေတေ ကျွန်တော်ငြင်းဆန်ခဲ့ပေါ့
အဖေသာ အနားမှာရှိရင် အဆော်ခံထိမှာ အသေအချာ

ဖေဖေရေ...
သိပ်လှတဲ့ နွေဦးလေးတစ်ခုလောက်တော့
ကျွန်တော်တို့ ပိုင်ဆိုင်လိုက်ချင်တယ်
အဲဒါဆိုရင်ပဲ ကျွန်တော်ရဲ့ ပျင်းရိမှုတွေကို ဆေးကြောသန့်စင်ပြီး
လုပ်စရာရှိတာတွေ အားကြိုးမာန်တက်လုပ်ပစ်လိုက်ပါ့မယ်
ခက်နေတာက အဖေရယ်
နွေဦးကို ဆောင်ကြဉ်းဖို့ ကျွန်တော်က ပျံလွှားငှက်မဟုတ်ခဲ့ပါဘူး
ကံဆိုးတွေ မိုးမှောင်ကျဆဲ...။ ။

Read more...

ဒီကဗျာကို ခိုးပါ

>> Thursday, August 13, 2009

ကဗျာတစ်ပုဒ်ဖြစ်ဖို့ အလွယ်ကလေးပဲဗျ
ငါ့မှာ တအံတသြဖြစ်ရ
တု၊ စု၊ ပြု မဟုတ်တော့ဘူးနော်
တိုက်-ရိုက်-ကူး ဖြစ်နေပါပြီ
တချို့တွေများပြောပါတယ်။

သူနဲ့ ငါ တူတာလည်းမဟုတ်၊ ဆွေမျိုးလည်း မတော်
အဲဒါကို
ငါ့လွမ်းတဲ့အကြောင်းက သူ့လွမ်းတဲ့အကြောင်း
ငါ့မိသားစုက သူ့မိသားစု
ငါ့အမေကလည်း သူ့အမေ တဲ့
မေ့သွားသလားတော့မသိဘူး
အောက်ခြေမှာ ငါ့နာမည်မပါတာကလွဲလို့ ကျန်တာအားလုံးတူတယ်။

အဲဒါလည်းကဗျာဖြစ်တာပဲ
ကိုမိုးလှိုင်ညပြောသလို Copy-Paste ကဗျာလေ
ကိုယ်စား ရေးခိုင်းထားသလိုပဲနော်
ကဗျာ အမြွှာပူးလေးလား

ယူကြဦးမလား ကဗျာ
ဟော့ဒီမှာနော် အားလုံးအတွက် ကဗျာ။

(သက်ဆိုင်သူများသာ)

Read more...

အလွမ်းတွေနဲ့ မျှော်လင့်ချက်မဲ့

>> Friday, August 7, 2009

မင်းဟာ ငါ့ရဲ့ပေါက်ကွဲမှု မီးတောင်
အချိန်ဘယ်လောက်ကြာကြာ လောင်ကျွမ်းအားကောင်းဆဲ

အချစ်ဆိုတာ ဒဏ်ရာနဲ့မှ လှတယ်လို့ ခပ်တည်တည်ပြောခဲ့သမျှ
အခုမှ အလွမ်းတွေနဲ့ အလဲလဲကွဲ
ရှိရင်းစွဲအိပ်မက်တွေ တစ်ပတ်တင်းခဲ့ပေါ့

အရှေ့ဘက်ကောင်းကင်မှာ အလွမ်းတွေ ရေသောက်ဆင်းတဲ့အချိန်လေ
ငါ့ရဲ့အပိုင်းအစလေးတွေ ငါလိုက်ကောက်လို့
မင်းကို သတိရကြောင်း ရေးခဲ့ဖူး၊ ရေးနေဆဲ၊ ရေးနေလိမ့်ဦးမယ်

ငါ့ရဲ့ အလွမ်းတွေ ချန်လှပ်မခံရဖို့
မင်းမှပဲ ကယ်တင်နိုင်လိမ့်မယ်
ငါ့ဘယ်ဘက်ရင်အုံပေါ်က အနွေးငွေ့လေးရေ…

Read more...

တနင်္ဂနွေသားလေးဆီ ရောက်ခဲ့တဲ့ အင်္ဂါနေ့ညနေ

>> Tuesday, August 4, 2009

အမေ့အသိဆီရောက်သွားတော့
ထွက်လာကြိုတဲ့ ပုစုဂရုလေးတွေကြောင့် ငါ့မှာ တအံတသြ
အကြီးဆုံးသားက ကိုးတန်း
အငယ်ဆုံးလေးက ဒီနှစ် တစ်တန်း တက်မယ်
အခု ငါတို့လာကြည့်တဲ့ နှစ်ရက်သားချင်းလေးက ခြောက်ယောက်မြောက်
ရှေ့ကတစ်ယောက်နဲ့ ခြောက်နှစ်ခွဲကွာတယ်တဲ့
တနင်္ဂနွေနေ့မှာမွေးတာ၊ ဒီနေ့က အင်္ဂါနေ့
ပိစိကွေးကြီး၊ ထင်ထားတာထက် ထွားတယ်
ထင်ထားသလောက် ရုပ်မဆိုးဘူး
အဖေက ထွားထွားထောင်ထောင်၊ သူငယ်ချင်းတစ်ယောက်နဲ့ သိပ်တူတဲ့ ဦးလေးကြီး
အမေက ပိန်ပိန်ရှည်ရှည်
ငါတို့တွေ အနွေးထည်လုံအောင် ၀တ်နေရချိန်မှာ
သူတို့လေးတွေက စွပ်ကျယ်လေးတွေနဲ့
ဆော့ကောင်းလို့နေအောင် သိပ်ကျမ်းမာတဲ့ ကလေးတွေ
အဆော့ဆုံးကောင်လေးကို အိုစမာတဲ့
အလတ်ကောင်လေးက ငါ့အမေငယ်ငယ်က အင်္ကျီဟောင်းလေးကို ၀တ်လို့
လေးယောက်မြောက်ကလေးမလေးက
လက်ဆောင်ပေးတဲ့ ရင်ဖုန်းအင်္ကျီလေးကို သိပ်ကြိုက်တာပဲဆိုပြီး
ဘောင်းဘီတိုလေးနဲ့ တွဲတွဲဝတ်သတဲ့
ရိုးရာအရ မိသားစုရှိသမျှလူကုန်နဲ့ လက်ဆွဲနှုတ်ဆက်ရတယ်၊ ပိစိကွေးလေးကအစ
မိသားစု ထွားပုံက အံသြချက်မကုန်
အဲဒါတောင် ပြောသေးတယ်
လမ်းတစ်လျှောက် အိမ်တိုင်း သုံးနှစ်အောက်ကလေးမရှိတဲ့အိမ် မရှိဘူးတဲ့
ပြောသေးတယ်
ဒီလမ်းလေးတစ်ခုမှာတင် ကလေးပေါင်း ၅၀ မကဘူးတဲ့
ပြောသေးတယ်
မြို့နာမည်ကိုက ကလေးမြို့တဲ့လေ
မိသားစုနဲ့ ဘောတစ်သင်းဖွဲ့ဖို့ ကြံရွယ်
ငါတို့ ပြန်တော့
ကလေးတိုင်းလိုက်ပို့၊ တာ့တာ တညီတညာတည်းပြလို့
ဘယ်မြို့မှာမှ ရှာမရတဲ့ ဖော်ရွေအပြုံးကို ဆင်တူ ပြုံးလို့
ညဘက် အမေနဲ့ငါ စကားဝိုင်းလေးထဲထိ သူတို့ ပါလာကြတယ်
ဒီလိုပဲ ကြီးပြင်းခဲ့ကြတာပဲပေါ့၊ မျိုးဆက်ပေါင်းများစွာ
အခုချိန်လောက်ဆိုရင်တော့
အိမ်ရှေ့ ငါတို့ထိုင်ခဲ့တဲ့ နေရာလွတ်လေးမှာ
ငါးယောက်သား စီရရီ တုံးလုံးပက်လက် တိုးတိုးဝှေ့ဝှေ့ အိပ်နေကြရော့မယ်

Read more...

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP