Pages

အမေ တ တေး

>> Saturday, March 21, 2009

အထာကိုင်တယ်ဆိုပေမယ့် ဗလာဆိုင်လေးမှာထိုင်နေတာပါ
အရှုံးကို တွက်ကြည့်တယ်။ အ၀င်အထွက်မမျှဘူး။ စာရင်းမကိုက်ဘူး။
မေမေရေ… သားရဲ့အဓိပ္ပာယ်တွေတော့ ယွန်းကုန်ပြီထင်တယ်

ခေတ်ရဲ့ဘေးထွက်ပစ္စည်းတော့ အဖြစ်မခံနိုင်ဘူး မေမေ
မြောင်းဆိုးမြောင်းပုပ်ဆိုပေမယ့်လဲ ဖြတ်စီးရဲရမယ် ပင်လယ်ဆီ
အခုတော့ ပတ်ကျိလို ကွေး၊ တုံ့ဆိုင်း၊ ထုံထိုင်း
ကိုယ့်ကိုကိုယ်အားမရမှုက ကိုယ်ကိုကိုယ်သေကြောင်းကြံစည်မှု
ကိုယ့်ကိုကိုယ်နှစ်သိမ့်မရတော့လည်း
ကိုယ့်ကိုကိုယ် အမွေပြတ်စွန့်လွတ်လိုက်တယ်

ဒီမှာလေ
နောက်ပြန် လှည့်ကြည့်လွန်းလို့
အနာဂတ်ကို ကျောပေးမိသလိုဖြစ်နေပြီ
ဒီမှာလေ
နာကျင်မှုကိုမှ တယုတယလွယ်ထမ်းထား
ဒီမှာလေ
မျက်ရည်နဲ့မျက်ခွက်အထီးတစ်ကောင်

မေမေရေ… ဘယ်နေရာမှာ မှားနေပြီလဲ။

တော်တော်မူးနေတဲ့ ကဗျာ

>> Thursday, March 19, 2009

လူကသာ မဟန်တော့တာ
ငါ့ရဲ့စိတ်တွေက လတ်ဆတ်နေတုန်းပဲ
လေးပင်အိကျနေတဲ့ မျက်ခွံတွေ ငါဆွဲမပြီး
ဘောပင်ကို ဖွင့်တယ်
ငါ့ရဲစိတ်ထဲမှာ ဗလာ
အဲဒီ ဗလာ ကိုပဲ ငါရေးချလိုက်တော့တယ် ကဗျာ

ငါရူးသွားတဲ့တစ်နေ့

>> Monday, March 16, 2009

ဒီနေ့တော့ ငါရူးနေတာပဲဖြစ်မယ်
မျက်စိနဲ့ တွေ့သမျှ ဘယ်အရာမှ မူမမှန်ဘူး
သိပ်တုံးတဲ့ပုံဖမ်းထားတဲ့ လူလည်စကားလုံးရှင်တွေ
ကားအကောင်းစားမောင်းနေတဲ့ အကြွေးထူသူတွေ
အရိုးပြိုင်းပြိုင်း အမြစ်ရှည်ရှည်သစ်ပင်ပိန်တွေ
ငါတို့လမ်းထဲက နဂို အရူးတောင် ဒီနေ့ အရင်ကလောက် မရူးဘူး

ဒီနေ့တော့ ငါရူးပြီပဲ
ကျီးတစ်ကောင်က ငါ့စိတ်ပေါ်မှာမှ လာနားပြီး တအာအာ
ပေါက်ပေါက်ရှာရှာ ငါ့စိတ်ထဲ ဘယ်က ဧည့်သည်လာမလဲ
တိမ်တွေ… မိုးအုံ့ ရန်ကုန်… အပူကျွမ်းနေတဲ့ မက္ကဆီကို
ခေါင်မိုးပေါ်က အုတ်နီခဲကျိုး… connectionတွေ ကွေးကောက်
ငါ့အော်သံတွေ အဓိပ္ပာယ်တစ်ခုမှ ဖြစ်မလာ
ငါမပြောခဲ့တာ ငါ့စကားဖြစ်
အမေပြောတော့ အရင်နေ့တွေထက် ဒီနေ့ နင်ပိုရူးနေတယ်တဲ့

ဒီတော့ ဒီနေ့ ငါ အသေအချာကြီးကို ရူးတယ်
အပြင်းစားလောင်ကျွမ်း ဘုရားရှိခိုးသံများ ငါ့အတွက်တွေ အထပ်လိုက်ဆုတောင်း
ဒီနေရာကိုရောက်ဖို့ ဘုရားက လွတ်ချခဲ့တာလား၊ ငါတို့က ခုန်ဆင်းခဲ့တာလား
အရူးကို သူရူးထဲမှာမတွေ့တော့ ဒီလူ ရူးနေတာ သေချာသွားပြီလား
အဖြေမရရင် စဉ်းစားမနေနဲ့တော့၊ ကဗျာပြီးအောင် မြန်မြန်ရေး
ခဏနေ ဇာတ်လမ်းတွဲတွေ ကြည့်ရဦးမယ်
အဲဒီထဲက ကောင်တွေက ငါ့ထက်ပိုရူးနိုင်မလား ငါကြည့်စမ်းမယ်လေ။

ဖြစ်ကတတ်ဆန်း

>> Thursday, March 12, 2009

ပြီး, ပြီးရောက စာသားရေးတယ်
စိတ်မရှည်က ဆိုင်းဘုတ်ဆွဲ
ကြော်ငြာပါပြီ ဖြစ်ကတတ်ဆန်း

နောက်တော့ သည်းမခံနဲ့တွေ့တယ်
ကိုယ်လျှာကို ကိုယ်ပြန်ကိုက်မိခြင်းမှာ
ကိုယ့်ပါးကို ကိုယ်အကြိမ်ကြိမ်ရိုက်
ဒေါသဖြစ်နေလိုက်တာ လွန်ရော
ဆဲထည့်လိုက်ပါပြီ ဖြစ်ကတတ်ဆန်း

နောက်ဆုံး ခြေမြန်လက်မြန်က မသေမချာပြပွဲကို တင်ဆက်တယ်
အရှိန်အဟုန်နဲ့ ဒဏ်ရာတွေကစဉ်ကလျား ခင်းကျင်းပြသ
ရရှိလိုက်ပါပြီ ထောပနာ ဖြစ်ကတတ်ဆန်း

ဖြစ်ကတတ်ဆန်းအကြောင်း ငါမရေးချင်ဘူး
ရောဂါတွေ အဆီအငေါ်မတည့်
အစိမ်းလိုက်အစားခံလိုက်ရတဲ့ သားကောင်လို
ဖြစ်ကတတ်ဆန်း ငါ့ကဗျာ

ငပိန်းရေးတဲ့ ခွင့်လွတ်မှတ်တမ်း

>> Monday, March 9, 2009

ခေါင်းတခါခါ လည်တရမ်းရမ်း
တံတွေးနဲ့ နှစ်သတ်မယ့်သူတွေပါလား
စကားလုံးတွေနဲ့ဆိုတော့လည်း
‘ထိတယ်ဟ’ ဆိုပြီး ဒဏ်ရာကို ပြလို့မရဘူး
ဒီတော့လည်း လျှာတစ်ချောင်းစာ ရေငုံ ပေါ့

ပိုးမွှား အပြည့်နဲ့ ပါးစပ်ပေါက်တွေက
ထိန်းမနိုင်သိမ်းမရ အဓွန့်ရှည်ဦးမယ့် ပုံစံပဲ
လေ ပိစိလေးလျှော့ဆိုလဲ မရဘူး
မညီတာတွေကို အတင်း ညီမျှခြင်းတွေချပြနေတယ်

ကြာတော့လည်း အမှန်ဖြစ်ရော တဲ့
ဘယ်တော့မှ မမှားတဲ့သူတွေပေါ့နော်
ဂုဏ်ယူပါတယ်… နှာခေါင်းရှုံ့ပြီး
တကယ်သဘောကျလို့ရယ်တာပါ…. လှောင်ရယ်မဟုတ်ပါဘူး
ကိုယ့်အိုးကို ကိုယ်လုံအောင်ဖုံးလေ

ဒီမှာတော့ ကုသိုလ်ထူးပုံများ
နားက မကြားချင်ပါဘူးဆိုမှ ပါးပြနေတယ်
သတင်းကလည်း မသိချင်ပါဘူးဆိုမှ မြန်ဆန်တိကျလို့
ဒီတော့လည်း ခွင့်လွတ်ပေးပါတယ်လေ
နားတော့ အဟုတ် လည်မပေးနိုင်ဘူး

မနည်း အသက်မှန်အောင် ရှုနေရတဲ့ နာကျင်မှုလမ်းက အပြုံးနဲ့
ပုခုံးချင်း တဲ့ တိုက်သူတွေကို ခွင့်လွတ်ပေးခဲ့တဲ့ မှတ်တမ်း
ဒီက ငပိန်းဆိုတဲ့အကောင် အခု ရေးလိုက်ပါတယ်ဗျာ
အရာရာ အဆင်ပြေကြပါစေ…လို့

နှလုံးသားတစ်ခြမ်း အခိုးခံလိုက်ရတဲ့ မနက်

>> Sunday, March 8, 2009

စံပယ်တွေ အသစ်ပွင့်တဲ့နေ့က
ကံဆိုးခြင်းနှစ်ဆနဲ့ အချစ်က ရောက်လာတယ်
အမှောင်တံတိုင်းတွေ အထပ်ထပ်ကာရံလို့
ဝေးကွာခြင်းမှာလည်း စိတ်ဓာတ်တွေ ပျက်လို့

နိဒါန်းမှာ ပြိုကွဲ’ ခဲ့တဲ့ အပိုင်းအစတွေက အခု ဆူးတယ်
ရူးသွပ်ခြင်း တစ်ဝက်၊ ဆင်ခြင်တုန် တစ်ဝက် ရောလိုက်တော့
အချစ်က သုံးမရအောင် ညစ်ပေကုန်တာပဲ
နိဒါန်းရဲ့ တစ်ဝက်မှာ

ညီမလေးရေ … အချစ်ဆိုတဲ့ ကောင်ကြီးက
ဘ၀ကို အံစာခေါက်သလို ခေါက်တာဟ
အခုကို ငါ့မှာ လိမ့်ပိန့်လို့
ဘာဂဏန်းကျရမှန်းလဲ မသိသေးဘူး

မနီးနိုင်သေးတော့လည်း ဝေးပေါ့ကွာ
ခဏလေးဆိုပေမယ့်
ဒီမှာက တစ်တောလုံး အလွမ်းတွေ ပွင့်ခဲ့

သီချင်းတစ်ပုဒ်လို မချိုတဲ့ မနက်ပါ
စံပယ်တွေ ခါးတယ်
တစ်နွေစာ ပူတယ်
ငါကလည်း အချစ်မှာ ကလေးတစ်ယောက်လို ရူးခဲ့တယ်။ ။

အဖေ့အတွက် ကဗျာ

>> Thursday, March 5, 2009

နေထိုင်ရမှုပုံစံက ဖြတ်ညပ်ကပ်ထားသလို ဖုထစ်
လွတ်ငြိမ်းချမ်းသာခွင့်က ကြွေမကျတဲ့အဝေးကကြယ်
ဒီလိုနဲ့ပဲ နေ့ရက်တွေ ဒီရေတက်လာကြပြီ

စိတ်ဓာတ်အားပြိုင်တဲ့ပွဲမှာ ဘယ်တော့မှ နောက်ပြန်မစီးဆင်းဘူး
သွန်ပစ်ခဲ့တဲ့ မိုးခါးရေတွေ ပင်လယ်ဖြစ်လိုက်ကြပေါ့
အပြစ်ဒဏ်တွေကို ရယ်မော ဟားတိုက်

ဒဏ်ရာက လှတယ်လား
မျှော်လင့်ချက်တွေတော့ တဖွေးဖွေးနဲ့ လျှံကျလို့
ဒီလို ဖုန်းဆိုးမြေမှာမှ ဒီလို သစ်ပင် (ငါ့တို့ အရိပ်ရ အသီးစားဖို့တဲ့)
သွေးနဲ့ ချွေးနဲ့ ရှင်သန်ပေါ့…။ ။

သော့တစ်ချောင်းကိုကိုင်ပြီး တံခါးပေါက်များစွာမှာ ငိုင်

>> Monday, March 2, 2009

ဘယ်ကို ရွေ့သွားပြီလဲ
နောက်နေ့တွေဆိုတာ မသေချာတော့ဘူး
အမှောင်က လွှတစ်ချောင်းလို တိုက်စား
ခက်ထန်ခြင်းများက အနံ့တထောင်းထောင်းထ
ဒီအဓိပ္ပာယ်ကို ဘယ်လိုစာလုံးပေါင်းရပါ့မလဲ
အခုရေးခဲ့သမျှ တောင်စဉ်ရေမရ အကြမ်းတွေချည်းပဲ
အဆင့်မမီတဲ့ စာကြောင်းဆိုတာ ဘယ်လိုမျိုးကို ဆိုလိုသလဲ
ဥပမာနဲ့ ရှင်းလင်းပြသလို့
နွေကတော့ မရောက်ခင်ထဲက အသားနီလန်နေပြီ
သစ်ပင်တစ်ပင်မှာတောင် လေကြမ်းတိုက်သမျှ အဖျားကပဲ ကယောက်ကယက်
ဆားကစ်ပေါ်က ပြာယာခတ်နေတဲ့ လျှပ်စီးပတ်လမ်းတွေ
စိတ်ကို စိတ်နဲ့ ရှော့ ရိုက်
လေပြေလေးတွေတောင် ချွေးစို့စို့
အဆင်ပြေကြောင်းစာတွေတော့ အစောင်ပေါင်းမြောက်မြားစွာ လက်ခံရရှိပါတယ်
အဲဒါဟာ အဆင်မပြေတာကိုဆိုလိုကြောင်း သူလဲသိ ငါလဲသိ
နှလုံးခုန်သံကို သက်ပြင်းတွေနဲ့ မျို/မျောချနေရ
ရေးပြီးသားစာကြောင်းတွေ ပြန်မဖျက်ပစ်ချင်တော့ဘူး/ ပြန်ဖျက်ပစ်ဖို့ပျင်းလွန်း
နေရတာနဲ့ ရယ်ရတာက ကပေါက်တိကပေါက်ချာနဲ့ တပေါက်ချိကပေါက်ချာ
တကယ်မရယ်ရတဲ့ဟာသကို ရယ်တယ်
တကယ်ရယ်ရတဲ့ဟာသကိုတော့ ခပ်တည်တည်လုပ်လို့
ငါ့အသုဘဖိတ်စာ ငါကိုယ်တိုင် ရိုက်သွားခဲ့ရရင် ကောင်းမလား
အင်…
ရေးတာလဲတော်တော်ရှည်နေပြီ၊ စာကိုဒီမှာပဲ ရပ်လိုက်ကြစို့
အဓိပ္ပာယ်တစ်ခုဆီကို မရည်ရွယ်တဲ့ကဗျာ အခုရေးခဲ့ပြီ

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP