Pages

အဲဒီမြို့ကလူတွေကို ပေးဖတ်လို့မရတဲ့ ကဗျာ

>> Tuesday, September 30, 2008

ဘယ်သကောင့်သား အန်ချလိုက်တယ်မသိဘူး
မြို့ကြီးဖြစ်လာတယ်။

အဲဒီမြို့ကြီးမှာရှိတဲ့ ကျီးတိုင်းလိုလို သူ့နှုတ်သီးသူ ထက်မြအောင် သွေးလို့
သားငြှီနံ့သင်းတဲ့ စားကျက်ကို ရေလောင်းပေါင်းသင်မွေးလို့
ဘယ်တိမ်မှ ဖြတ်မပျံ၊ ဘယ် နှင်းမှ မဝဲနိုင်တဲ့မြို့

အဲဒီမြို့က
ကမ္ဘာမြေရဲ့ ရင်ကွဲသံနဲ့ သီချင်းဆိုတယ်
ဒုက္ခမျက်ရည်နဲ့ ရေချိုး ဂျီးညော်တိုက်တွန်းတယ်
ပြီးမှ
ကိုယ့်မာနကို ပြန်စားသောက်နေလိုက်ကြတာ အစာအိမ်ဟောင်းလောင်းနဲ့

နာကျင်ခြင်းတွေနဲ့ ယဉ်ပါးစွာ ပျော်ရွှင်ခဲ့
ဒဏ်ရာကို တယုတယ လျှာနဲ့ သပ်ခဲ့တဲ့
နှလုံးသွေး အရောင်ဖျော့တဲ့ မြို့လေ

ရှိသမျှ ဘုရားသခင်တိုင်း မကယ်တင်နိုင်တော့တဲ့ အန်ဖတ်မြို့
ဘယ်ကမ္ဘာသားမှ ဆေးကြောမပေးချင်တဲ့ အန်ဖတ်မြို့
ဟို ဘုရားမေ့တရားမေ့ကောင်တွေက ဆာလောင်စွာ စောင့်ကြည့်နေတုန်း။

ဝမ်းနည်းမိုးတိမ်များ

>> Saturday, September 20, 2008

သမရိုးကျ ကိစ္စဘဲလို့တော့
တွေးတောင်မတွေးတတ်တော့ဘူး
ငါ့ပစ္စပ္ပန်တွေက
အညိုရောင်တိမ်ပုဒ်တွေလို
မြင်ရတာနဲ့တင် ကြေကွဲဖို့ကောင်းနေပြီ။ ။
ကောင်းကင်ကြီးက ခဏ ခဏ မာယာ များတတ်သလိုပေါ့
ကိုယ့်ဝမ်းနည်းမှု ကိုယ်ပြန်မြိုချ
အဓိပ္ပါယ်မဲ့ ပြုံပြနေရတာလောက်
သနားဖို့ကောင်းတဲ့ သတ္တ၀ါမရှိတော့ဘူး
ဗီဇ တစ်ခုသာပြုပြင်ရခက်နေရင်
ငါ့ ခန္ဓာကိုယ်တစ်ခုလုံးကို
အစိတ်စိတ်ခွဲပြီး ရှာကြည့်လှည့်စမ်းပါ…
ငါဘယ်လောက်ထိမ်းချုပ်ခဲ့လဲ့ မြင်လာလိမ့်မယ်…
အယူအဆနဲ့ တွေခေါ်ပုံခြင်းမတူညီတာဘဲ
အဖြေတစ်ခု ဖြစ်လိမ့်မယ်…
စကားလုံးတွေက ၀မ်းနည်းမှုကိုလဲ ဖန်တီးလေ့ရှိတယ်
ပျော်ရွှင်မှုကိုလဲ ရှာကြံပေးတတ်ကြတယ်လေ…
ခုချိန်ထိ ကန့်သတ်ချက်မထားနိုင်သေးတာ
ငါ့ အားနည်းချက်တစ်ခုပေါ့။ ။


လက်ရုံး

သေတ္တာထဲက စက်ရုပ်

>> Friday, September 19, 2008

ငါတို့ဟာ ရိုဘော့တစ်
ကမ္ဘာဆိုတဲ့ အစိုင်အခဲကြီးပေါ်ကပေါ့။
လှပတဲ့ သတ္တာလေးတွေထဲမှာ ငါတို့နေထိုင်တယ်
ရွှေ့လျားနိုင်တဲ့ သတ္တာလေးတွေနဲ့ ငါတို့ ခရီးသွားတယ်
ရုပ်ပေါ်ပြီး အသံထွက်တဲ့ သတ္တာလေးတွေကို ငါတို့ အရူးအမူး ထိုင်ကြည့်တယ်
ငါတို့အတွေးအခေါ်ကိုက သတ္တာဆန်နေတယ်
မပြည့်အချင်းအတင်းဖြည့်ဖို့ ကြိုးးစားနေတာပေါ့
နောက်ဆုံး ငါတို့သေရင်လည်း
အဲဒီလို သေတ္တာလေးထဲထည့်ပြီး သင်္ဂြိုလ်လိုက်ကြတာပဲ
ငါတို့စိတ်ထဲကအော်သံတွေအတွက် အသံထုတ်လုပ်နိုင်တဲ့ စပီကာမရှိဘူး
မြန်လေကောင်းလေခြေထောက်တွေမှာ စဉ်းစားတွေးခေါ်မှု မရှိဘူး
လှပတဲ့သဘာဝတရားဟာ ငါတို့ အိတ်ကပ်ထဲက ပိုက်ဆံသာဖြစ်တယ်
အပြေးအလွှားအိမ်မက်တွေဟာ အထီးကျန်ဆန်တဲ့ အရူးတစ်ယောက်လိုပဲ
မျက်ရည်မှာ သတ္တုနံနဲ့ အပြုံးမှာ ယန္တယားနဲ့
ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို မေ့လျော့လို့
သတိမရခြင်းအနုပညာမှာ ငါတို့ ရုပ်ဝတ္တုဆန်ဆန် ရသမြောက်ကြတယ်
ဘ၀ဟာလည်း ချပြလို့မရလောက်အောင်ကို ကြွပ်ဆတ်ခဲ့ပေါ့

ဘ၀ကိုယ်တိုင် သရုပ်ဆောင်တဲ့ ပြဇာတ်

>> Saturday, September 13, 2008

ဘ၀ကို မှော်ဆရာရဲ့ ကြိမ်လုံးထဲ ထည့် ဝှေ့ယမ်းကြည့်လိုက်တယ်
ဘယ်လို ထူးခြား ခမ်းနားဆန်းကြယ်ခြင်းတွေ ထွက်ကျလာမလဲလို့

ဘ၀ကို လူမိုက်တစ်ယောက်ရဲ့ သေနတ်ထဲ ထည့် ပစ်ကြည့်လိုက်တယ်
ဘယ်လို လျင်မြန်ခြင်းမျိုးနဲ့ ရန်သူ့ဘ၀ကို ထိုးဖောက်ချေဖျက်လိုက်မလဲလို့

ဘ၀ကို မြွေတစ်ကောင်ရဲ့ လျှာဖျားလေးမှာ တင်ထားကြည့်လိုက်တယ်
ဘယ်လို အဆိပ်ပြင်းမျိုးတွေနဲ့ မွေးဖွားရှင်သန်နိုင်မလဲလို့

ဘ၀ကို ပက်စီပုလင်းထဲ ထည့် သောက်ကြည့်လိုက်တယ်
ဘယ်လို လေပူစီဖောင်းလေးက ဘ၀ရဲ့ အရသာဖြစ်လိမ့်မလဲလို့

ဘ၀ကို ဆက်ကပ်ဆရာရဲ့ ဓားတစ်ချောင်းထဲ ထည့် ပစ်ကြည့်လိုက်တယ်
ဘယ်လို တိကျမှုမျိုးနဲ့ ပန်းတိုင်ကို ရောက်မလဲလို့

ဘ၀ကို ကဗျာတစ်ပုဒ်ထဲ ထည့် ဖတ်ကြည့်လိုက်တယ်
ဘယ်လို ဖရိုဖရဲ အဓိပ္ပာယ်တွေေ၀၀ါးလေမလဲလို့

ဘ၀ကို နှလုံးသားလေးထဲ ထည့် စီးဆင်းကြည့်လိုက်တယ်
ဘယ်လို ရင်ခုန်မှုမျိုးနဲ့ ကြည်နူးခြင်းတွေ ဖိတ်စင်ကျလာမလဲလို့

ဘ၀ကို ရေနွေးအိုးထဲ ထည့် တည်ကြည့်လိုက်တယ်
ဘယ်လို မေးခွန်းမျိုးတွေ ပလုံစီ ပွက်ပွက်ဆူလာမလဲလို့

ဘ၀ကို ဘ၀ထဲ ပြန်ထည့် ၀တ်ဆင်ကြည့်လိုက်တယ်
ဘ၀ဟာ ဘ၀နဲ့ မတော်တော့ဘူး
မပြီးသေးတဲ့ မေးခွန်းတွေနဲ့
ဘာမှမရှိခြင်းတွေနဲ့ပဲ ပိတ်ကားချလိုက်ရတော့တယ်
ပြီးပါပြီပေါ့ …။

l0gtic

၁နှစ်ပြည့်မှတ်တမ်း

>> Monday, September 8, 2008

သက်မှတ်ချက်တွေအတိုင်းသာဆိုရင်
ငါကိုမွေးဖွားခဲ့တာ..
ဘာလိုလိုနဲ့ ၁နှစ်သားရှိခဲ့ဘီ…..
အလွမ်းတွေဖွဲ့ခဲ့တဲ့ ညနေခင်းတွေ
သွေးစွန်းသွားခဲ့တဲ့ မြို့ပြညနက်တွေ
ကြယ်တွေကို ထိုင်ကြည့်ရင်း
ရေးဖြစ်သွားခဲ့တဲ့ သူမ အကြောင်းတွေ
ငါတို့ ခံစားချက်တွေကို နားလည်ပေးခဲ့ကြတဲ့ သူငယ်ချင်းများ
သူမအကြောင်းဆက်မပြောဖြစ်တော့တဲ့ စာမျက်နှာများ
အတိတ်ကိုမေ့မထားနိုင်တော့လဲ့ ခက်ပါရဲ့
(၁) နှစ်စာအပြည့် ငါ့လွယ်အိတ်ထဲ သိမ်းထားခဲ့တာပေါ့…..
ဒုက္ခတွေဘယ်လောက်ဘဲ ထက်မြနေပါစေ
ငါတို့ ခံစားချက်တိုင်းကို ငါ့စာမျက်နှာတိုင်းမှာ
ကမ္ဗည်းထိုးထားမယ်…
ရင်ခုန်သံတွေလတ်ဆတ်နေသ၍ပေါ့………..

လက်ရုံး

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP