Pages

Showing posts with label l0gticရဲ့ ကဗျာများ. Show all posts
Showing posts with label l0gticရဲ့ ကဗျာများ. Show all posts

ဘ၀ကိုယ်တိုင် သရုပ်ဆောင်တဲ့ ပြဇာတ်

>> Saturday, September 13, 2008

ဘ၀ကို မှော်ဆရာရဲ့ ကြိမ်လုံးထဲ ထည့် ဝှေ့ယမ်းကြည့်လိုက်တယ်
ဘယ်လို ထူးခြား ခမ်းနားဆန်းကြယ်ခြင်းတွေ ထွက်ကျလာမလဲလို့

ဘ၀ကို လူမိုက်တစ်ယောက်ရဲ့ သေနတ်ထဲ ထည့် ပစ်ကြည့်လိုက်တယ်
ဘယ်လို လျင်မြန်ခြင်းမျိုးနဲ့ ရန်သူ့ဘ၀ကို ထိုးဖောက်ချေဖျက်လိုက်မလဲလို့

ဘ၀ကို မြွေတစ်ကောင်ရဲ့ လျှာဖျားလေးမှာ တင်ထားကြည့်လိုက်တယ်
ဘယ်လို အဆိပ်ပြင်းမျိုးတွေနဲ့ မွေးဖွားရှင်သန်နိုင်မလဲလို့

ဘ၀ကို ပက်စီပုလင်းထဲ ထည့် သောက်ကြည့်လိုက်တယ်
ဘယ်လို လေပူစီဖောင်းလေးက ဘ၀ရဲ့ အရသာဖြစ်လိမ့်မလဲလို့

ဘ၀ကို ဆက်ကပ်ဆရာရဲ့ ဓားတစ်ချောင်းထဲ ထည့် ပစ်ကြည့်လိုက်တယ်
ဘယ်လို တိကျမှုမျိုးနဲ့ ပန်းတိုင်ကို ရောက်မလဲလို့

ဘ၀ကို ကဗျာတစ်ပုဒ်ထဲ ထည့် ဖတ်ကြည့်လိုက်တယ်
ဘယ်လို ဖရိုဖရဲ အဓိပ္ပာယ်တွေေ၀၀ါးလေမလဲလို့

ဘ၀ကို နှလုံးသားလေးထဲ ထည့် စီးဆင်းကြည့်လိုက်တယ်
ဘယ်လို ရင်ခုန်မှုမျိုးနဲ့ ကြည်နူးခြင်းတွေ ဖိတ်စင်ကျလာမလဲလို့

ဘ၀ကို ရေနွေးအိုးထဲ ထည့် တည်ကြည့်လိုက်တယ်
ဘယ်လို မေးခွန်းမျိုးတွေ ပလုံစီ ပွက်ပွက်ဆူလာမလဲလို့

ဘ၀ကို ဘ၀ထဲ ပြန်ထည့် ၀တ်ဆင်ကြည့်လိုက်တယ်
ဘ၀ဟာ ဘ၀နဲ့ မတော်တော့ဘူး
မပြီးသေးတဲ့ မေးခွန်းတွေနဲ့
ဘာမှမရှိခြင်းတွေနဲ့ပဲ ပိတ်ကားချလိုက်ရတော့တယ်
ပြီးပါပြီပေါ့ …။

l0gtic

Read more...

မိုးတွေလေ … စိုပေ့စေ

>> Friday, August 22, 2008

မိုးတွေလေ
ရွာချကုန်ပြီ
စိုပေ့စေ ... ငါတို့ စိတ်အေးလက်အေး ဆက်လျှောက်ကြမယ်

မိုးတွေလေ သည်းလိုက်ပုံက
ဒဏ်ရာတွေတောင် နက်ဝင်သွား
သွေးမတိတ်တေးနဲ့ မြှားတွေလို စိုက်ဝင်လာ မိုးစက်များ
အနီရောင်ရင်ဘတ်နဲ့ခံယူပါ့မယ်
မျက်ရည်တိတ်တေးအဖြစ်ပြောင်းသွားတဲ့အထိပေါ့

မိုးတွေလေ ရက်စက်တဲ့ အမှောင်တွေ သွန်းချ
စည်းပျက်ဝါးပျက်လမ်းတွေ တအိအိ ပိကျလာ
မကြောက်လေနဲ့
သန်မာတဲ့ငါတို့ခြေထောက်တွေနဲ့ လဲမကျအောင်တွန်းလှန်
ရုန်းကန်ရလေလေ ငါတို့ခြေရာတွေ နက်လေလေပဲ မဟုတ်လား

မိုးတွေလေ လောကဓံ
ရွာနှင့်လေဦး
စိုပေ့စေဦးပေါ့

ခြေလမ်းတိုင်း အဓိပ္ပာယ်ရှိစွာ
ယုံကြည်ခြင်းတရားအတွက် ငါတို့ ရွဲရွဲအစိုခံတယ်
မိုးတွေလေ ... စိုပေ့စေ
ငါတို့ ယုံယုံကြည်ကြည် ဆက်လျှောက်ခဲ့ကြတယ်

l0gtic

Read more...

ငါတို့ အချစ်မှာ တစ်ယောက်သတိရခြင်းထဲ တစ်ယောက်အရိပ်ခို

>> Thursday, April 3, 2008

ငါရဲ့ ချစ်ခြင်းဖွဲ့လေးရေ
ဘ၀ကို ပုခုံးပုတ်လို့
ငါတို့ရဲ့ သတိရစိတ်မှာ ငါတို့ ချိန်းတွေ့ကြ
ညမှောင်သွားလဲ အလွမ်းရဲ့ အလင်းကို ငါတို့ ပိုင်သေးတယ်

တကယ်လည်း အတွေးထဲမှာ လင်းနေတယ်
အချစ်ဆိုတာကြီးနဲ့ ငါတို့ တစ်ယောက်နံရိုးတစ်ယောက် ထိုးရင်း စနောက်
နွေတွေကို အထပ်ထပ်ရိုက်ခွဲလို့
တစ်ယောက်အရေအပြားအောက်တစ်ယောက် စိတ်မဆိုးကြေး ဖုထစ်ကြတယ်။

အခုလည်း
တစ်ယောက်မနေနိုင်အောင် တစ်ယောက်လွမ်း
အဲဒီကံကြမ္မာကြမ်း အနွမ်းကြီးကိုပဲ စိတ်တိုင်းမကျဘဲ ၀တ်ဆင်
နာရီတွေတောင် နရီပျောက်လို့
ငါတို့လည်း အတွေးတွေ များခဲ့ပြီ
ငါတို့လည်း အလွမ်းတွေ ချစ်ချစ်တောက်ပူခဲ့ပြီ

ကဲ
ဘယ်လို အနေအထားမျိုးမှာမှ
ငါတို့အလွမ်းတွေ connectionမပြတ်တောက်တော့ဘူး
ချစ်သူရေ ... ငါတို့
အချစ်မှာ တစ်ယောက်သတိရခြင်းထဲ တစ်ယောက်အရိပ်ခို ခဲ့လို့ပေါ့

l0gtic

Read more...

လပြည့်ည

>> Sunday, January 6, 2008

တစ်ချပ်ချပ်လည်ပတ်နေတဲ့နာရီကို အဓိပ္ပာယ်မဲ့ထိုင်ကြည့်နေခဲ့ဖူးတယ်
အချိန်တွေက ငါ့ဆီရောက်မလာခဲ့ဘူး

လှုပ်လီလှုပ်လဲ့ ပြန့်ကျဲနေတဲ့ ကြယ်တွေကို မျှော်လင့်ချက်နဲ့ အပြုံးဖလှယ်ခဲ့ဖူးတယ်
ကြယ်ကြွေတွေတောင် ငါ့ဆီရောက်မလာခဲ့ဘူး

သွေးဆာနေတဲ့လမ်းမတွေကို အကြောက်တရားနဲ့ လဒ်ထိုးခဲ့ဖူးတယ်
ငါ့ခြေထောက်တွေ ငါ့ဆီရောက်မလာခဲ့ဘူး

အိပ်မက်မပါတဲ့ကဗျာတစ်ပုဒ်ထဲ ငါချောင်းကြည့်ခဲ့ဖူးတယ်
လတ်ဆတ်တဲ့ရင်ခုန်သံတွေ ငါ့ဆီရောက်မလာခဲ့ဘူး

ထောင်ချောက်ဆင်ထားတဲ့အမှန်တရားနဲ့ သွေးစက်လက်ကပြခဲ့ဖူးတယ်
လွတ်မြောက်ခြင်းတွေ ငါ့ဆီရောက်မလာခဲ့ဘူး

တစ်ယောက်တည်းထိုင်နေခြင်းသီချင်းတစ်ပုဒ်နဲ့ လပြည့်ညကို ဖြေဖျော်ခဲ့ရတယ်
ဆေးဘက်ဝင်ကော်ဖီတစ်ခွက် ငါ့ဆီရောက်မလာခဲ့ဘူး

ငါ့ဆီရောက်လာတဲ့လရောင်ကြောင့် ငါ့ခဲတံကျိုးသွားတယ်
ဆက်မရေးနိုင်တော့တဲ့ ငြိမ်းချမ်းခြင်းဆုတောင်းနဲ့
လရောင်ကို ငါကြိုဆိုလိုက်ရပေါ့
ဘ၀ဟာလည်း ဟိုတစ်စ ဒီတစ်စ …

s-spot

Read more...

ဒီဇင်ဘာနှုတ်ဆက်သီချင်း

>> Monday, December 31, 2007

ဒီဇင်ဘာက နှုတ်ဆက်သီချင်း သီဆိုနေပြီ
ဘယ်သူတွေက ၀မ်းနည်းမျက်ရည်ကျနေကြသလဲ
ရှေ့ဆက်လျှောက်မယ့်လမ်းမှာ
နောက်ဘက်ချည်းလှည့်ကြည့်နေရင် မင်းခလုတ်တိုက်မိမှာပေါ့
ထားခဲ့လိုက်
၂၀၀၇ ဒီဇင်ဘာကို ညနက်နက်ထဲ ချန်ထားရစ်ခဲ့လိုက်
အခုတော့ နောက်ဆုံးတစ်ချက် နှုတ်ဆက်လှည့်ကြည့်မယ်

၂၀၀၇ ပေါ့
လူတိုင်းကိုယ်စီကိုယ်ငှ
နာကျင်မှုအလွန် ထုံကျင်မှုမှာ အဆိပ်တက်ခဲ့ကြပြီးပြီ
အမေ့ပစ်ခံနေရာတွေမှာ ပိုမိုသတိရခဲ့ကြပြီးပြီ
အခု
ရင်ဘတ်ကို ငုံကြည့်လိုက်ရင် သွေးစက်လက် ၀ိဥာဉ်တွေ ပူးကပ်လို့

ဒီလိုပါပဲ
လွန်လေခဲ့ပြီးသော အမည်းရောင်နှစ်ပေါင်းများစွာကလိုပါပဲ
၂၀၀၇ ဟာလည်း ဒါဘ၀လားဆိုပြီး သွေးတိုးစမ်း
ဖိတ်စင်မှုမှာ မိသားစုမျက်ရည်တွေ ယိုစီးလို့
ဖြည်မဆည်နိုင်ခဲ့ပါဘူး

သွားတော့ ဒီဇင်ဘာ သွားတော့
နာကျဉ်းမှုကို သွေးကြောထဲထည့် ငါတို့ကတော့ ဆက်လက်လည်ပတ်ရဦးမယ်
ကိုယ့်ဘ၀ကို ကိုယ် မောင်းနှင်ရဦးမယ်

နောက်ပြန်လှည့်မကြည့်ကြေးမှာ
ဒီဇင်ဘာအတွက် နှုတ်ဆက်ဆုတောင်းတယ်
ကမ္ဘာလောကကြီး ငြိမ်းချမ်းပါစေလို့ …။

s-spot

Read more...

တောလိုက်ကွင်း

>> Saturday, November 17, 2007

ငါ့အမာရွတ်နဲ့ငါ စကားများလို့ကောင်းတုန်း
ခြောက်ခြားဖွယ်အာမေဋိတ်တွေနဲ့
လမ်းတွေ အရိုင်းဆန်လာလိုက်တာ
ငါတို့ ဆုပ်ကိုင်ထားမိသမျှ အပြစ်ရှိနေသလိုလို…

လွတ်မချကြေး ဟေ့
လူပြိန်းပါးစပ်က ဘ၀အကြောင်းပြောလာတဲ့အခါ
ဟောဒီနယ်မြေဟာ တောလိုက်ကွင်းဖြစ်တော့တာပဲ

ငါတို့ သတိထားနားထောင်မယ်ဆိုရင်
သူတို့ရဲ့ နှာမှုတ်သံ တရှုးရှုးတောင်ကြားရဦးမယ်
ထောင်ချောက်တွေရဲ့ လက်ခမောင်းခတ်သံနဲ့
သွေးဆူသံ တပွက်ပွက်မှာ
ငါတို့ရဲ့ အသက်ဓာတ်လေးတွေ ပဲ့ပဲ့ပါသွား
ဘ၀တူချင်း ချပြရတဲ့ သက်ပြင်းတွေပဲ အဖတ်တင်နေတယ်

ဘာမှမတတ်နိုင်မယ့်အတူတူ
ဝပ်ကျင်းလေးထဲမှာပဲ ကဗျာရေး
ငါတို့ လက်လျှော့လိုက်တာမဟုတ်ဘူးလို့ ပြောခဲ့ပြီးသား
ယုံကြည်မှုနဲ့ အမှန်တရား
ညီမျှခြင်းနောက်မှာ အပေါင်းလက္ခဏာပဲ ငါတို့အလိုရှိတယ်
ငါတို့ လောဘကြီးတာမဟုတ်ဘူး

နာကျဉ်းချက်နဲ့ ကဗျာတွေဟာ ပွင့်လာတယ်
ဒါလည်း ငါဘာမှ မတတ်နိုင်တဲ့အပိုင်း
အဲဒီကဗျာတွေနဲ့ပဲ
ယုတ်ကြမ်းတဲ့ လမ်းတွေကို
ငါတို့ အတတ်နိုင်ဆုံး သွန်သင်ကြည့်ကြတာပေါ့
အလင်းတစ်ခုဆီကို …။ ။


l0gtic
၁၇.၁၁.၂၀၀၇ (စနေ)
၁၂း၃၁ (နေ့လည်)

Read more...

တောင်းဆု

>> Wednesday, September 19, 2007

ချစ်ခြင်းရဲ့ ဆောင်ကြည်းမှုကြောင့်
ပွင့်ဖူးစ နံနက်ခင်းတစ်ခုမှာ
သူ့ဆီ ကျွန်တော်ရောက်ခဲ့ပါတယ်
သူဟာ မိုးဦးရဲ့ အေးချမ်းမှုမျိုးနဲ့ ရိုးရိုးသားသားလှရဲ့ …

မြေသင်းနံ့မှာ လက်ကျန်ပိတောက်တွေ ဝေတယ်
ကျွန်တော်လည်း ထိုနည်း၎င်းပဲ
သူ့ကိုယ်သင်းနံ့လေးမှာ စွဲလမ်းမှုတွေ တဖွားဖွား ပွင့်လို့
လေပြင်းတစ်ချက်မှာတော့ လက်ကျန်ပိတောက်တွေ ကြွေတယ်လေ
ကျွန်တော်လည်း ထိုနည်း၎င်းပဲ
သူ့သက်ပြင်းတစ်ချက်မှာ (သူ့အလိုမကျမှုတွေအတွက်)
ကျွန်တော်ရဲ့ စိုးရိမ်စိတ်ကလေးတွေ ကြွေ … ကြွေပေါ့

သူ နင်းလျှောက်ချင်တယ်ဆိုရင်
ကျွန်တော့်နှလုံးသားနဲ့ ပိတောက်ကြွေလမ်းတစ်ခု ဖန်တီးပေးချင်ပါတယ်
သူပြုံရယ်ချင်တယ်ဆိုရင်
ကျွန်တော့်နှလုံးသားနဲ့ လောကဓံဟာသတွေကို တင်ဆက်ပေးချင်ပါတယ်
သူလင်းချင်တယ်ဆိုရင် ကျွန်တော်က လင်းပြီး
သူဖြစ်ချင်တယ်ဆိုရင် ကျွန်တော်က ဖြစ်ပြီးသားပါ
(သူ့လက်ညိုးညွန်ရာမှာ ကျွန်တော် ဖြစ်ချင်ခဲ့)

ကျွန်တော့်ဘ၀လက်ကျန်အချိန်တွေရဲ့ ပျော်ရွှင်မှုတွေ အားလုံးဟာ သူပဲဖြစ်ပါတယ်
သူ့ရဲ့ ရယ်ရွှင်ခြင်းမှာ ကျွန်တော် အသက်ရှည်မယ်
သူ့လျှာဖျားက အမုန်းအဆိပ်တွေကိုတော့ ကျွန်တော် ရဲဝင့်စွာ ကြောက်ရွံ့နေပါ့မယ်

ဆုတောင်ပါရဲ့
ကျွန်တော့်ရဲ့ ချစ်ခြင်းနဲ့
သူ … လှပစွာ ပွင့်လန်းနေပါစေ
ကျွန်တော်ရဲ့ ချစ်ခြင်းနဲ့
သူ … ကျွန်တော်နဲ့အတူ ဘ၀ဆုံးထိ အတူရှိနေပါစေလို့ …။ ။

l0gtic

Read more...

ငါတို့က ချစ်ခြင်းမေတ္တာအကြောင်း တစ်ယောက်ကို တစ်ယောက် လုမပြောကြဘူး

>> Wednesday, September 12, 2007

ကီးကျယ်ခမ်းနားတဲ့ စကားလုံးတွေ မပါဘဲ
ငါတို့ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ကြတယ်

ချစ်သူရေ
ချစ်ခြင်းမေတ္တာဟာ
ကဆုန်စိုင်းနေတဲ့ မြင်းပျိုတစ်ကောင်ပေါ့
ငါတို့ စီးနှင်းလိုက်ပါခဲ့ကြတဲ့
လတွေ…
ရက်တွေ…
နာရီ…မိနစ်တွေ…

တစ်ယောက်ရဲ့ ချစ်ခြင်းကို တစ်ယောက်က အားကျ
ဘ၀က အချစ်နဲ့မှ လှမယ် ..ဒီလိုယူဆခဲ့ကြ
အလွမ်းတွေကို မနက်ခင်းကော်ဖီခါးခါးထဲမှာ ရောသောက်ခဲ့ကြ
တစ်ယောက်ကို တစ်ယောက် ချိုမြခဲ့ကြ

ရင်ခုန်သံတွေကို တလှည့်စီနားထောင်
ငါတို့ လုမပြောကြဘူး

ယုံကြည်မှုနဲ့
မြဲမြဲကိုင်ထားတဲ့ ငါတို့ရဲ့ လက်တွေ
ကျောက်ဖြစ်ပလေ့စေ …။ ။

l0gtic

Read more...

သံလွင်ခက်နဲ့ ချည်ယက်ထားတဲ့ ရက်စွဲတွေ

သံလွင်ခက်အိပ်မက်နဲ့ ဘ၀ကို လှော်ခတ်ရင်း
အလွမ်း အတိမ်းအစောင်းများစွာနဲ့
ကိုယ်လာခဲ့မယ်။

ကိုယ်က ချိုးငှက်အဖြူရောင်လေးလည်း မဟုတ်ပါဘူး
ဘုရားသခင် ကြည်ဖြူသဘောကျတော်မူတဲ့ နောဧလည်း မဟုတ်ပါဘူး
ကိုယ်က … ချစ်မိသူပါ
မင်းကို … နှလုံးသားနဲ့ ချစ်မိခဲ့သူလေးတစ်ယေက်ပါပဲ ။

ကိုယ့်ရဲ့ ချစ်ခြင်းဖွဲ့ ကုန်းမြေလေးရေ
နာကျင်စရာ မုန်တိုင်းတွေထဲ ကိုယ်တစ်ယောက်တည်း မနေပါရစေနဲ့
သံလွင်ခက်တွေ ပင်လယ်ထဲ မျောလို့ ကိုယ့်ကို ကြိုပါလေ

တကယ်တော့လည်း
ကိုယ့်မှာ … မင်းရဲ့ ကုန်းမြေလေးကို မျှော်ကြည့်နေရတာ
မီးတောက် ရက်စွဲပေါင်းများစွာ …။ ။

l0gtic

Read more...

ကွန်ရက်

>> Sunday, September 9, 2007

ငါက တိမ်တွေလို လွှင့်မျောလိုက်ချင်တယ်
မင်းကတော့ ကောင်းကင်လုပ်ပေါ့ …

တစ်ခါတစ်ခါ
ငါက လွှင့်ချင်တိုင်း လွှင့်တတ်တယ် ကလေးရဲ့
ဒါပေမယ့် သေချာပါတယ်
နောက်ဆုံးတော့ မင်းရင်ခွင်အောက်ပဲ … ပြန်ရောက်ခဲ့ ။

တကယ်တော့ အချစ်ဆိုတာ
တစ်ယောက် အသက်ကို တစ်ယောက်က ကူရှုပေးတာပဲတဲ့

ဒီလို ချစ်ခြင်းတရား ရိုးရိုးလေးတစ်ခုမှာ
ငါတို့ နားလည်မှုတွေ ရှုပ်ထွေးမနေဖို့ပဲ လိုအပ်တယ်
ဖြစ်နိုင်ရင် ငါတို့ လျှောက်ရဦးမယ့် လမ်းတွေ အတွက်
ငါ့ လက်ကို မြဲမြဲကိုင်ထား
ကလေးရေ …။

l0gtic

Read more...

တိုးတိုးလေးချစ်

>> Friday, September 7, 2007

မင်းဟာ
ငါ လက်မခံနိုင်တဲ့ အမှန်တရား
ပလက်ထိုးထားတဲ့ မီးပူ
မီးပျက်နေတဲ့ ချောက်ကမ်းပါး

ခံစားချက်က
စကားမပြောနိုင်တဲ့ ပါးစပ်နဲ့
ဖွဲ့နွဲ့

ဒီလိုပဲ
အလွမ်းဂျင်းဘောင်းဘီကို ၀တ်
တိမ်ရိုင်းတွေကို စီးနေလိုက်တော့တယ်

မင်းလက်တွေက
ငါ့နှလုံးသား သက်တံအစစ်ကို စက္ကူပေါ်မှာ ရေးဆွဲ
လေယဉ်လုပ်ပြီး ဆော့တယ်
နှုတ်ခမ်းတွေက
ကြောက်မက်ဖွယ် ဘီလူးတစ်သိန်းရဲ့ အပြုံးနဲ့
ပြာလဲ့

ရင်ခုန်သံ ကြိမ်နှုန်း - တစ်မိနစ် 3500

ငါက
သိပ်
ချစ်
ခဲ့

l0gtic

Read more...

နှလုံးသားယဉ်ကျေးမှု

>> Saturday, September 1, 2007

ငါရဲ့ ချစ်ခြင်းအဖွဲ့အနွဲ့လေးရေ …
မရေရာတဲ့ အဓိပ္ပာယ်တွေကြားမှာ
ငါတို့
တစ်ယောက်ရဲ့ နုပျိုခြင်းကို တစ်ယောက် သောက်သုံး
တစ်ယောက် အရေအပြားအောက် တစ်ယောက် ခိုလှုံရင်း
အတိုက်အခိုက် ဗလပွနဲ့ လမ်းကို
ငါတို့ ခြေထောက်အောက်မှာ ယဉ်ကျေးအောင် သွန်သင်မယ်။

လိုက်ခဲ့လို့ ခေါ်စရာမလိုအောင် ငါ့ဘေးမှာ မင်းရှိနေပြီးသား
ကြောက်ရွံ့ခြင်းတွေ ချန်ထားခဲ့လို့ ပြောစရာမလိုအောင် မင်းနဲ့ငါက ရဲရင့်ပြီးသား
ဟုတ်တယ်
ချစ်ခြင်းမှာ ငါတို့ ဘာကိုမှ အကြောက်အရွံ့မရှိဘူး

ဘယ်သူမှ နားလည်မှာမဟုတ်တဲ့ ငါတို့ရဲ့ နားလည်ခြင်းများ
ဘယ်သူမှ ယုံကြည်မှာမဟုတ်တဲ့ ငါတို့ရဲ့ ယုံကြည်ခြင်းများ
ငါတို့နှစ်ယောက်ကြားမှာ အသားစလေးတောင် မခြားဘူး

အဖွဲ့အနွဲ့လေးရေ …
နာကျင်ခြင်းနဲ့ အမုန်းဘာသာရပ်တွေကို
ငါတို့ သင်ရိုးထဲမှာ ချန်လှပ်ထားခဲ့
ယဉ်ကျေးပြီးသား ငါတို့ နှလုံးသားတွေနဲ့
အကြင်နာတရားဆိုတာကို သင်ပြကြစို့ရဲ့ …။ ။

l0gtic

Read more...

ချစ်ခြင်းဖြင့် ဖူးပွင့်သော

ပူလောင်လှတဲ့ နွေလယ်ခေါင်ရဲ့ နေရောင်မှာ
ကိုယ့်တစ်ကိုယ်လုံး အချစ်ပွင့်တွေနဲ့ တဖျတ်ဖျတ်ဖူးပွင့်
နှလုံးသားပေါ် အချစ်ပွင့်တွေ သာသာလေးကြွေပုံက
တဒိန်းဒိန်းနဲ့ ကမ္ဘာကြီးတောင် ကြားရရဲ့လေ
ညီမလေးရေ.. အစွမ်းထက်လှချည်လားလို့ ကိုယ့်မှာ တအံတသြ

ကြီးမြတ်တဲ့ ရှင်သန်ခြင်း, အချစ်နဲ့ အသစ်မွေးဖွားခဲ့ပါတယ်
ကိုယ့်လက်အစုံနဲ့ ခံယူဖို့ ပူလောင်ခြင်းဆိုလည်း ရဲပါတယ်
ကိုယ့်အတွက် မင်းရဲ့အဓိပ္ပာယ်ဟာ ချစ်ခြင်းထက်ပိုတယ်
သိလား ကိုယ်မြတ်နိုးရတဲ့ ညီမလေးရဲ့

အတင်းကြီးယုံပါလို့လည်း မပြောချင်ဘူး
နှလုံးသားချင်း သိကြရမယ့် ကိစ္စမှာ
ဘာကြောင့် စကားလုံးတွေ အလဟဿဖြုန်းတီးပစ်ရမှာလဲ

သံသယခြကောင်တွေကို သတ်ပစ်လိုက်
သူတို့ရဲ့ တောင်ပို့ကိုပါ ဖြိုပစ်ခဲ့
ချစ်ခြင်းနဲ့ တည်ဆောက်ထားတဲ့ အနာဂတ်မှာ
တစ်ယောက်နှလုံးသားကို တစ်ယောက်လက်တွဲလို့
တစ်ယောက်အချစ်မှာ တစ်ယောက် ခုန်မင်စွာ ရင်ခုန်လိုက်ကြရုံ
ဒီထက် ဘာမှ မလိုအပ်တော့ဘူးဆိုတာ ကိုယ့်တို့ပဲ သိလိမ့်မယ် ။ ။

l0gtic

Read more...

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP