Pages

သတိရခြင်း - ရန်ကုန်

>> Wednesday, September 23, 2009

ငါ့စိတ် အကိုင်းအဖျားလေးပေါ် ရန်ကုန်မြို့ကြီးလာနားတော့
သတိရစိတ်တွေ ကွေးညွှတ်
ငါ့တနင်္ဂနွေတွေ မိုးအုံးခဲ့ပြန်တယ်

မြို့ထဲလမ်းမတွေက အမှတ်တရ သိမ်းထုတ်ထားဖို့ ရှည်လျား
မိုးရေထဲ လိမ်လိမ်မာမာလေး နှစ်မြုပ်နေမယ့် မြို့ကြီးပေါ့
ငါ့ရဲ့ အိမ်လွမ်းနာမှာ မင်းက ဒဏ်ရာအစစ်ပါ ရန်ကုန်

လက်ရှိပြေးလမ်းနဲ့ တသားတည်းဆိုပေမယ့်
အလွမ်းတွေက ထိုးထိုးထောင်ထောင်ရယ်ပါ
ရန်ကုန်ရေ... မင်းဆီမှာ ကျန်ခဲ့တဲ့ ငါ့အိမ်မက်တွေ
တစ်နေ့တော့ ငါပြန်လာယူမယ်

အခုတော့
ပန်းဆိုးတန်း၊ အနော်ရထာ၊ ၂၆လမ်းတွေပေါ်
လမ်းတွေလျှောက်နေချင်တယ်
ငါ့စိတ်ကလေးပဲ လွှတ်လိုက်ပါရဲ့ ရန်ကုန်ရယ်
နောက်မှ တွေ့မယ်။

စိုင်းလောဝ်ပိန်း



စိတ်ကိုင်းဖျားလေးပေါ်
သူလာနားပုံက
တစ်သက်ပတ်လုံးပြန်မပြေးတော့မယ့်ပုံ
ယုံကြည်ချက်ငွေ့အသက်တွေနဲ့
မိုးတွေညို့လိုက်လာခဲ့ပြန်တာ
တစ်နှစ်ပတ်လုံးမိုးရာသီ...

တစ်နှစ်ပတ်လုံးရွာထားမှတော့
အလွမ်းတွေက အပြိုင်းအရိုင်း
ထင်တိုင်းကျဲပေါက်ရောက်နေခဲ့ပြီပေါ့
ခုမှတော့ ..
အိပ်မက်တွေကိုတစ်စစီသိမ်းထုတ်
ကိုယ့်ဘာသာကိုယ်ယက်လုပ်ထားတဲ့
ရန်ကုန်ကိုပဲ ခြုံယူဝတ်ဆင်
ငါ့စိတ်တစပြင်ကိုငါ ယာယီလုံခြုံစေလိုက်ပြီ။
မနော်ဟရီ

အသည်းကွဲညရဲ့ အထီးကျန်လမ်းမတွေ

>> Thursday, September 10, 2009

ညက နာကျင်ခြင်းနဲ့ပေါင်းဖက်
ကျွန်တော့်ရဲ့ မရှိခြင်းတွေ အလင်းဆုံးအချိန်လေ
ဒုက္ခတွေ လတ်လတ်ဆတ်ဆတ်ကို လှပါရဲ့
လောကဓံရေ- ခင်ဗျားက အငြိမ်မနေတဲ့ ဆူးပဲ -
ကျွန်တော့် နှလုံးသားထဲမှာ- နက်နက်ရှိုင်းရှိုင်း

ဒီလိုဆိုတော့ အနာဂတ်လည်း အဓိပ္ပာယ် မရှိဘူး
ရှိစုမဲ့စု အိပ်မက်အကျိုးအကြေလေးတွေလည်း အဓိပ္ပာယ်မရှိဘူး
မီးကျိုးမောင်းပျက်နာရီတွေသာ ကြီးထွား
သေရာပါဒဏ်ရာနဲ့ ညတွေ ချည်းပဲ

ထားတော့
အမေ့လျော့ခံ လမ်းမတွေအတွက် ဖြေဆည်ရာ မျက်ရည်မရှိ
အချန်လှပ်ခံမျှော်လင့်ချက်တွေထဲလည်း တစ္ဆေမကြောက်ကျားမကြောက်ပါပဲ
လမ်းတူတယ်ဆိုကြပေမယ့်လည်း ကျွန်တော်တစ်ယောက်တည်း

အမှောင်ထဲ
အထီးကျန်
ခြေရာတွေ မထင်ကျန်စေချင်တော့ဘူး။

လိပ်ပြာမလုံတဲ့သူ

>> Monday, September 7, 2009

ဟေ့လူ
ခင်ဗျားအဖြစ်က သနားစရာ
ကိုယ့်နောက်ကျောမှာဘယ်သူရှိသလဲ ခဏခဏလှည့်လှည့်ကြည့်
အဲဒီလောက်ဖြစ်နေရင် နောက်ပြန် လမ်းလျှောက်ပါလား
အခုတော့ ခင်ဗျားက ကြက်ကြီးလည်လိမ်

ဟေ့လူ
ကိုယ့်မျက်ချေး ကိုယ်မြင်မှာစိုးလို့ မှန်တောင်မကြည့်ဘူးတဲ့လား
ဘယ်လိုဘ၀ပေးမျိုးနဲ့ ရတဲ့ ရွှေဥာဏ်တော်ပါလဲနော်
ပုတ်ပုတ်သိုးသိုးနဲ့ ခင်ဗျားရုပ်ကို ရွှေချထားပါလား
ကျွန်တော်တို့မှာ ရယ်ချင်ပက်ကျိ

ဟေ့လူ
ငရဲပြည်ထိ အခေါ်ခံရမှာစိုးလို့
ဓာတ်လှေခါးတောင် သတိလက်လွတ်မစီးဘူးဆို
ဖြစ်နေလိုက်တာပြောပါတယ်
ကိုယ့်အကုသိုလ်ကို ကိုယ် အတော်စိတ်ချ
လိပ်ပြာလေးကိုတောင် လှန့်နေပြီလားဗျာ

ဟေ့လူ
လာမယ်ဆိုရင်
အပြစ်တွေ ပြောင်အောင်ဆေးခဲ့
ကိုယ့်နောက်ကျောကို လုံအောင်ဖုံးခဲ့
ရိုးသားမှုကို ကျောပိုးခဲ့
နောက်ဆို
ကျွန်တော်တို့ မျက်လုံးဒဏ်တွေအောက်မှာ
ခင်ဗျား သေတာထက်ဆိုးသွားလိမ့်မယ်။

ရပ်ကြည့်နေရင်း ချော်လဲ

>> Wednesday, September 2, 2009

အိမ်မက်တွေ တောင်လိုရာလိုပုံ
ယုံကြည်ခြင်းတွေ မခမ်းနားတော့ဘူး
ဖြစ်ပျက်သမျှရပ်ငေးနေဖို့ ငါကိုက တတ်နိုင်လွန်းတယ်

ဆင်ခြင်တုံတရားလည်း ချွန်းမအုပ်နိုင်ဘူး
စဉ်းစားဥာဏ်မရှိဘူးလားဆိုတော့လည်း မဟုတ်ဘူး
ဒီနေရာမှာပဲ ရပ်တန်းက ရပ်ရင်ကောင်းမယ်နော်
လုပ်စရာရှိတာ ဆက်လုပ်ဖို့

နာရီတွေ ခပ်မြန်မြန်လည်
ထုံအမှုနဲ့ စီးဆင်း
ခပ်မြန်မြန် ... ခပ်မြန်မြန်
အလွန်လျှင်မြန်စွာ

အခုမှ စနစ်တကျ ချော်လဲတယ်ဆိုတာ

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP