Pages

အသုံးမကျတဲ့ဇာတ်လမ်း

>> Monday, December 28, 2009

ထမင်းတစ်လုပ်ဝါးမိတိုင်း
ဆာလောင်မွတ်သိပ်နေတဲ့ ချို့တဲ့ပါးစပ်တွေကို သတိရတယ်

ဇိမ်ကျကျအိပ်ရာပေါ် အိပ်လိုက်တိုင်း
တမံတလင်းပေါ်က ကျောတွေကို အားနားမိတယ်

ပြောချင်တာ လွတ်ခနဲ ပြောလိုက်တိုင်း
ပြောခွင့်မရှိတဲ့ ပါးစပ်တွေအတွက် နာကျည်းမိတယ်

ကြည့်ချင်တာတွေ ကြည့်ခွင့်မရှိတဲ့ မျက်လုံးတွေအတွက်
တစ်ခုခုတော့ လုပ်ပေးချင်တယ်

ဒီဇာတ်လမ်းမှာ
အတ္တက မင်းသား၊ ငါက ဗီလိန်ပါ။
အတ္တထိုးသမျှ ကြိတ်သမျှ ငါ့မှာ နဖူးကွဲ ဒူးပြဲ။
အတ္တ ချည်နှောင်သမျှ ငါ့မှာ မလှုပ်သာ မလူးသာ။
အသုံးကျတာ တစ်ခုမှ မလုပ်ခြင်းတွေ ပိုင်ဆိုင်ပါတယ်။

ကျွန်တော်ဟာ အရှက်နဲခဲ့ပါတယ် ဖေဖေ။

သက်ပြင်းဟာ နွေဦးရဲ့လေပူတွေထက် ပူလွန်းတယ်

>> Tuesday, December 22, 2009

နွေဦးရေ
သက်ပြင်းတွေနဲ့ မျောချနေရတဲ့ ငါ့ရဲ့စိတ်တွေမှာ
မင်းပေးတဲ့ မီးတောက်တစ်ခုဆီကိုင်လို့
အရူးသွေးထန်နေတဲ့ ကမ္ဘာမြေကို ချစ်စိတ်နဲ့ ငါငေးနေမိရဲ့

ခေတ်ကိုက အကောင်းမြင်ဝါဒီလုပ်မရတဲ့ ခေတ်လေ
နာမည်ပျက်လေ ဂုဏ်တက်လေဆိုသူလဲ ရှိရဲ့
သူများမျှော်လင့်ချက်ကို ခူးခပ်စားသောက်သူလဲ ရှိရဲ့
ဝေဒနာပြင်းပြင်း ဒဏ်ရာပေါ်ကို ဓားနဲ့ခုတ်ချသူလဲ ရှိရဲ့

ပြောကြကြေးဆိုရင် ဆေးခါးကြီးတစ်ခွက်ပါပဲ
ကြက်ခြေခတ်တွေနဲ့ စွေ့စွေ့နီလို့
သွေးဆာနေတဲ့ နာရီတွေက အသက်ပါအောင်ကို ရှ တယ်။

ချစ်စိတ်ကြောင့်ပါပဲလေ
ခေါင်းအခါခါ ခါမိ၊ သက်ပြင်းအခါခါ ချမိတာ
ချစ်စိတ်ကြောင့်ပါပဲ
ဒီလူတွေ ဆိုးယုတ်သမျှ ငါ့ရင်ဘတ်မှာ ဒဏ်ရာနက်နက်ကြီးတွေ ဖြစ်ဖြစ်သွားတာ
ဒီချစ်စိတ်ကြောင့်ပါပဲလေ
မနေနိုင်မထိုင်နိုင် ဒီကဗျာကို ရေးနေမိတာပေါ့

နွေဦးရေ...
ငါတို့ကမ္ဘာမြေ ...ဒီကျိန်စာကပျယ်ဖို့
သွေးတွေ ဘယ်လောက်များများ ကုန်ဦးမှာလဲကွာ?

စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန် (၂)

>> Tuesday, December 15, 2009

နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ဖြတ်သွား
ဒီဇင်ဘာတွေ ကြွေကုန်ပြီ ဒီဇင်ဘာရေ
ငါကတော့ ဒဏ်ရာရ ကြောင်တစ်ကောင်လို အခန်းအောင်း
ငါချွန်ခဲ့တဲ့ မြှားတွေလည်း တုံးခဲ့ပေါ့
စိတ်တွေလေတယ်
အတွေးတွေလေတယ်
ထုံးထိုင်းမှုတွေက အစွန်းရောက်အောင်ကို ချွန်ထက်ပြ
ဘဝက စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်

ဒီဇင်ဘာ

>> Monday, December 7, 2009

ဒီဇင်ဘာက ပြက္ခဒိန်ပေါ်ကနေ ငါ့ကို ပေစောင်းစောင်းကြည့်တယ်
ဟုတ်ပါ့… ငါကလည်း အမှတ်တမဲ့ မေ့နေတယ်
ရာသီဥတုကိုက သတိမမှုမိအောင် ပါးပါးလျလျပဲ ရွေ့သွားနေပေါ့

အံကျလာတဲ့ ခြောက်ကပ်ကပ်အအေးဓာတ်
ရုတ်တရက်ထိတွေ့လိုက်ရတော့မှ ငါလန့်သွားတယ် ဒီဇင်ဘာ
ဖြည်းဖြည်းအေးဆေးပေါ့…
အခုတော့ မင်းက ၀ိဥာည်တစ်ကောင်လိုပဲ သိပ်ခြောက်လန့်တယ်

ငါမင်းကို ရပ်ပြီး ကြည့်ရှုခံစား မနေနိုင်ဘူး ဒီဇင်ဘာ
မနှစ်ကလို ငါမင်းကို ကြိုဆိုမှာမဟုတ်ဘူး
မနှစ်က ဒီဇင်ဘာနဲ့ ဒီနှစ် ဒီဇင်ဘာ
ငါက ပိုပြီး အဆိုးမြင်လာတယ်
ငါက ပိုပြီး အရိုင်းဆန်လာတယ်

မင်းက ထုံးစံအတိုင်း ဖျားနာမှုကို ဆောင်ကြည်းတယ်
ငါကလည်း ထုံးစံအတိုင်း နှာစေးတယ်
အဲဒီယဉ်ကျေးမှုကလွဲရင် … ကျန်တာတွေ
ကွာတယ် … အပုံကြီးကွာသွားတယ်
ငါတို့မှာ အားထားစရာ သစ်ပင်တွေ သိပ်ရှားသွားပြီ
နေကလည်း အညာအတာမဲ့ အပူကြီးပူနေပြီ

ငါတို့ သိပ်အလုပ်များနေတယ် ဒီဇင်ဘာ
မင်းဟာ အခြားလူတွေလိုပဲ ဖြတ်သွားဖြတ်လာ
ဒီထက် အခွင့်အရေး ပိုမရဘူး
အကွာကြီးကွာတဲ့ထဲမှာ ငါ့ရဲ့ နူးညံမှုတွေလည်း မာထန်ကုန်ပြီဆိုတာ
မင်းအခုတွေ့ရပြီ

ထားလိုက်တော့ .. ခွင့်လွတ်ဖို့ ငါ မတောင်းဆိုဘူး
ခပ်ရင့်ရင့်ဆိုပေမယ့် ခပ်နုနုလေး ခဏလောက် မင်းကို ငေးမောမိတာပါ ဒီဇင်ဘာရယ်
ဒီထက်ဘာမှ မပိုပါဘူး
အခု ငါတို့ သိပ်အလုပ်များနေတယ်
အခု ငါတို့မှာ လုပ်စရာတွေ အများကြီးကျန်သေးတယ်
ဟုတ်ကဲ့ … အခုလိုတွေ့ရတာ ၀မ်းသာပါတယ်
ဒါပေမယ့် ကောင်းသောညပါ ဒီဇင်ဘာ…။ ။

2008

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP