Pages

ပုစ္ဆာ

>> Thursday, August 30, 2007

ကိုင်ပင်တွေလို တိခနဲ ပိုင်းဖြတ်ပြီးမှ
ဘာလို့များ မျိုးစေ့ပြန်ချပြီး
အသက်သွင်းဖို့ ကြိုးစားချင်ရတာလဲ

ငါတို့မျှော်လင့်ခဲ့တဲ့ နေရက်တွေ
အရောင်စုံချိန်ရောက်မှ
သူမ လက်နဲ့ ဆုတ်ဖြဲခဲ့တာဘဲ
ပြီးမှ ငါနားမလည်နိုင်တဲ့ ပုစ္ဆာကို
ဆက်တွက်ခိုင်းခဲ့တယ်လေ..

သူမ ရေ
မင်းကိုငါလွမ်းခဲ့ရင်
ကြယ်တွေကြွေတာကို ထိုင်ရေနေမယ်
ငါ့ကဗျာတွေကို အလွမ်းတွေနဲ့
အသက်ဝင်နေစေမယ်

ငါနားလည်လိုက်တဲ့ အကြောင်းအရာကို
ထပ်ရှင်းပြဖို့ ကြိုးစားချင်တဲ့
သူမက
ဘယ်လို တစ္ဆေမလေး လဲကွာ

လက်ရုံး

သုည မဲ့ မျှော်လင့်ခြင်း

ပြက္ခဒိန်တွေက ဒုတိယအကြိမ် ထပ်မထုတ်ပေမယ့်
ပုံပြင်တစ်ပွေ့တစ်ပိုက်ကိုတော့
ထုပ်ပိုးသိမ်းဆီးထားလေရဲ့..

တြဂံ မှာထောင့် ၃ ထောင့်ရှိကြောင်း
သက်သေပြ ဖို့မလိုပါဘူး
ငါအသက်ရှူလိုက်တိုင်း
သူမ ကို သတိရနေတယ်ဆိုတာကိုလဲ
သံသယ မျက်လုံး ဘောင်မခတ်ချင်ပါနဲ့
တညလုံးမအိပ်တဲ့မြို့
မင်းအတွက် ငါတည်ဆောက်ပေးမယ်
ဒါပေမယ့်လည်း
အိပ်မက်ဆိုတာ လက်တွေ့ဘ၀မှာ
တကယ်ပေါင်းစပ်လို့ မှမရတာ..
ကြယ်တွေ ပိုးစိုးပက်စက် ကျဆုံးနေတာလဲ
ငါ့ဆန္ဒတွေ သိမ်းဆည်းခံထားရတုန်းဘဲ

အရာရာတိုင်း အတွက်
ကိန်ဂဏာန်းတွေနဲ့ တန်ဖိုး သက်မှတ်ပြီးသားလေ
ဘာအတွက်နဲ့မှတော့
ငါအပေါ်မင်းထားခဲ့တဲ့
သံယောဇဉ် တွေကို
တန်ဖိုးမလျှော့လိုက်ပါနဲ့ကွာ

လက်ရုံး

အသံမဲ့ ဆုတောင်း

လိုချင်တာ မရတဲ့ ခေတ်ထဲမှာ
သူမကို အနားမှာ ရှိနေစေချင်တာ
ငါ့ စိတ်ဓါတ်တွေ လူသားဆန်ပါတယ်..

ပြောတိုင်းလည်း ခေါင်းငြိမ့်နာခံတတ်ပေမယ့်
အရှေ့ အရပ်ကိုသွားဖို့ခေါတော့
သူမရဲ့ ဘ၀က ငှက်တစ်ကောင်လောက်
မလွတ်လပ်ပြန်ဘူးလေ..
ဒီလိုနဲ့
မျှော်လင့်ချက်တွေ ရှင်သန်လာလိုက်
ကိုယ့်ဘာသာ ကိုဆွတ်ခူးလိုက်နဲ့
တခါတလေ လွတ်ထွက်လာတဲ့
သံသယတွေ အတွက်တော့
ကိုယ့်ဘာသာကိုယ်ဘဲ ဖြေဆေးသောက်နေရတယ်.

သူမ အတွက်ဆိုရင်တော့
ကလေး တစ်ယောက်လိုလဲ စိတ်မကောက်တတ်ဘူး
လူကြီးဆန်စွာလဲ စိတ်မဆိုးချင်ဘူး
နားလည်မှု ဆိုတဲ့ စကား ၃ လုံးနဲ့ဘဲ
သူမ နားမှာ ရပ်တည်ဖို့ ကြိုးစားနေမှာပါ

လက်ရုံး

ဝန်ခံရ ခက်ခဲသော နေ့ရက်များ

တစ်ချိန်ကဆိုရင်
အတိတ်ကို အတိတ်မှာ ထားနိုင်တဲ့
စိတ်မျိုး ငါ့ မှာရှိခဲ့သေးတယ်..

အချစ် ဆိုတာ ပုံသေနည်းတွေ နဲ့
တည်ဆောက်ထားတဲ့ ပုစ္ဆာတစ်ပုဒ်လား
ဒီအတိုင်းသာဆိုရင်
ငါ့ ကဗျာ တွေထဲ က သူမ်အတွက်
ညီမျှခြင်း ရဲ့တစ်ဘက် ကမ်းတွေ
တူညီမှာ မဟုတ်ဘူး..

သတိရ ခြင်းဆိုတာ
တားဆီးလို့ မရနိုင်တဲ့
မွေးရာပါ ဗီဇ တစ်ခု
အတိတ်ဆိုတာ ရောင်စုံ ကာတွန်း စာအုပ်
အမြဲတမ်း ပြန်ဖတ်ချင် နေတာဘဲ
ဝန်မခံ ချင်တာက လွဲရင်ပေါ့.

ချစ်သူ ရေ
ပုံပြင် ထဲကလို တော့ ငါ မြတ်နိုးခဲ့တာ မဟုတ်ဘူး
ညဘက်တွေမှာ ငါ လန့်နိုးလာခဲ့ရင်တောင်
သူမ လက်ဖျားလေးတွေကို
ဆုပ်ကိုင်ချင်တဲ့ ကောင်ပါကွာ.

သံသယ ဆိုတဲ့ အက်ကြောင်းကို
ဘယ်လို နတ်ဆိုးမျိုးက
စုတ်ပြတ်သတ်အောင် ဆွဲခဲ့တာလဲ
ငါတို့ ဖာထေးရင်းနဲ့
သူမ နဲ့နားလည်ခဲ့တဲ့ ရင်ခုန်သံတွေ
၁၈၀ံလောက် ဝေးသွားခဲ့တာပေါ့..

လက်ရုံး

မြို့

>> Wednesday, August 29, 2007

မြို့က
အပုပ်နံ့နဲ့ လှပ
``လူပါးဝ´´လို့

ဘယ်မလဲ
ငါတို့ လိုချင်တဲ့ အမှန်တရားတွေ
လမ်းမတွေ ပေါက်ပြဲကုန်တဲ့အထိ ရှာမတွေ့ခဲ့
သီချင်းချိုတွေလည်း ခါးခဲ့

ဖိသိပ်ထည့်ထားတဲ့ ဒဏ်ရာတွေ အုံလိုက်ကျင်းလိုက်
ပိတ်ဆို့ထားတဲ့ တံခါးတွေ အထပ်လိုက် အချပ်လိုက်
အရေခွံအပုပ်နဲ့ ရောဂါသည်မြို့လေ
`လေ´အားလျှပ်စစ်နဲ့ မီးလင်းမယ့် မြို့လေ
ချွေး၊ သွေး၊ အသက်တွေ အကြွေးထူနေတဲ့ ကျုပ်တို့ မြို့လေ

မြို့ရဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့ အမှန်တရား နဲ့ တရားမျှတမှု
ခေါင်းပါးတဲ့ ဘ၀တွေ တဖြုတ်ဖြုတ်ကြွေ
ကယ်တင်ရှင်နတ်ဘုရားတွေလည်း အောက်ခြေလှိုက်စားခဲ့

ကျုပ်တို့ကို ကယ်တင်ဖို့ ကျုပ်တို့ ကိုယ်တိုင်ပဲလိုတယ်
ကဲ … မြို့ရေ
နေနှင့်ဦးပေါ့ကွာ ။

s-spot

ပေးဆပ်ခြင်းမဲ့

အိပ်မက်တွေကို ထုပ်ပိုးပြီး
သူမ ဆီကို ခရီးထွက်ခဲ့တယ်
တိုက်ဆိုင်တာဘဲ ဒီနေ့မှ
ငါ့ ဘူတာရုံအိုလေးထဲ
အလင်း တစ်ချို့ ဧည့်သည်လာလုပ် နေလေရဲ...့

တန်ဖိုးထား ပုံချင်းမှ မတူတာ
ညီမျှခြင်း ချကြည့်တော့လဲ
အချိန်ကုန်ရုံဘဲရှိမှာပေါ့..
သစ္စာရှိရှိ ကျဆုံးသွားတဲ့
အချိန်တွေ အတွက်
ငါဂုဏ်ယူနေမှာပါ..

ငါတို့နှစ်ယောက်ကြားမှာ
ကိန်းဂဏာန်းတွေနဲ့ နယ်ခြားခံထားရတယ်။
အလင်းက အသံထက်
မြန်သလိုပေါ့
ငါ သူမ ကိုသတိရ တဲ့စိတ်ကတော့..

သံယောဇဉ် ဆိုတာ
ချည်နှောင်တတ် မယ်ဆိုရင်
သူမ နဲ့ ငါ့ ကို
ဘယ်လိုအရောင်မျိုး နဲ့
နှောင်ဖွဲ့ထားမှာလဲ..
ပြီးတော့
အချစ်ဆိုတာ
ဖယောင်းလို ပုံသွင်းလို့ရမယ်ဆိုရင်
သူမ ရေ
ဘယ်လို ကျောက်ဆစ်ရုပ်တုမျိုး
ထုဆစ်ပေးရ မှာလဲ..

သီချင်းတွေက သတိရခြင်းကို
ယူဆောင်လာလိမ့်မယ်
သူမ အတွက်ဆိုရင်
ငါ့ နားရွက် တစ်ဘက် ဖြတ်ပေးရလဲ
ငါ ကျေနပ် ခဲ့မှာပါ..

လက်ရုံး

အဆုံးမဲ့ အချစ်

အသိစိတ်တွေ မြေကြီးလို
ညစ်ထွေးနေချိန်မှာ
ရင်ဘက်တစ်ခြမ်းထဲနဲ့
ခံစားနေခဲ့ရတာ နှစ်တွေကြာခဲ့ဘီ
ဘာမှမဟုတ်တဲ့ သံသယတွေနဲ့
ငါတို့အလွမ်းတွေ အဆိပ်သင့်ခဲ့တာပေါ့

ပြန်မဖြစ်နိုင်တဲ့ အတိတ်ကိုတော့
ငါ မ..မက်မောပါဘူး..
ပြီးတော့…အချစ်ဆိုတာလဲ
မီးတောင်သေ တစ်လုံးလိုဘဲလေ
လိုအပ်ချက်တွေ ပြည့်စုံရင်တော့
နောက်ထပ် ဖြစ်နိုင်သေးတာဘဲ
အာမခံ ချက်ဆိုတာ
စာချုပ်ပေါ်မှာ လက်မှတ်ရှိတိုင်း
ယုံကြည်ရတာ မဟုတ်ပါဘူးကွာ
မနေ့က အထိတော့
ငါ့ အိပ်မက်ထဲမှာ မင်းရှိနေသေးတယ်..

လက်ရုံး

ကမ္ဘာမြေနဲ့ နောက်ဆုံးညစာ

>> Monday, August 27, 2007

ညတွေ မှောင်မိုက်ပါစေ
ဒါမှ အမှန်တကယ် မိုးလင်းနိုင်မယ်
အခုတော့
ကမ္ဘာမြေရဲ့ လည်ပတ်မှုပေါ် ငါတို့ရဲ့ သံသယတွေလည်း လည်ပတ်
ဝလုံးလား သုညလားဆိုတာ မနက်ကျမှ ဖွင့်ကြည့်ကြမယ်

ကမ္ဘာမြေရေ...
သင့်ရဲ့ မိုးရေတွေလည်း ခါးသက်ခဲ့ပြီ
ကျိန်စာသင့် ရွက်ဝါတွေလည်း ကြွေလွှင့်ခဲ့ပြီ
ငါတို့ရင်ထဲက မီးတောက်တွေလည်း အပူနဲ့ ထက်..မြ..ခဲ့..ပြီ..

ကမ္ဘာမြေရေ...
သင့်ရှေ့ စားပွဲပေါ်က မှောက်ထားတဲ့ ဖဲတစ်ချပ်ဟာ
ငါတို့ရဲ့ ကံကြမ္မာတွေဖြစ်တယ်...
နွေဦးရဲ့ လေပြေလေညှင်းနဲ့ လွပ်လပ်ခြင်း ငြိမ်းချမ်းခြင်း သီချင်းကို သီဆိုဖို့
မနက်မိုးသောက်ယံတစ်ခု ငါတို့ လိုအပ်... မျှော်လင့်... တိုက်ပွဲဝင်မယ်လေ

ဟိုးအရှေ့မှာ ရောင်နီ
တောက်ပတဲ့ကြယ်တွေ အပြိုင်းပြိုင်းကြွေတဲ့ညပေါ့
ဝမ်းနည်းခြင်း မိုးတွေ ချုန်းကြထစ်ကြ
ငါတို့ အောင်မြင်ဖို့ .. အမှောင်တွေလည်း လင်းတတ်ခဲ့ပြီ ...။ ။

s-spot

မျက်လုံး

>> Wednesday, August 22, 2007

မျက်လုံး

ဘ၀ကို

သက်တံတစ်ခုလို နေကြည့်တယ်

(အရောင်တွေစုံလို့ပေါ့) လှတော့လှပါရဲ့

ဒါပေမယ့်

ကွေးကွေးကြီးနေရတာ ကြာတော့ အဆင်မပြေဘူး


တစ်ခါတစ်လေတော့လည်း

ငါ့ယုံကြည်မှုကို ငါ

ဆရာဝန်တစ်ယောက်လို ခွဲစိတ်ပိုင်းဖြတ်ကြည့်တယ်

သံသယအစိုင်အခဲတွေ အပုံအပင်နဲ့။

လိုအပ်ရင်

ငါနဲ့ငါ ကွဲလွဲလိုက်ဖို့ အဆင်သင့်ဖြစ်အောင်…


ဒါကြောင့်

ငါ့ဆီမှာ အရောင်တွေ စုံချင်မှ စုံမယ်

ငါ့ရဲ့ အသီးအပွင့်ဟာ

အာဟာရဖြစ်ချင်မှ ဖြစ်မယ်

(ဒါပေမယ့် သီးပွင့်ခွင့်တော့ ရှိတာပဲ)


လက်မခံချင်နေပါ

လူသေကောင်ရဲ့ ဓား

ငါ မဖြစ်ဖို့ဘဲ အရေးကြီးတယ်။


s-spot

ကဗျာချစ်သူများသို့

>> Tuesday, August 21, 2007

ကဗျာချစ်သူများသို့

ဒီ blog လေးဟာ ကဗျာရေးချင်သူများအတွက် ရည်ရွယ်ထားပါတယ်

ဒါကြောင့် ကဗျာ လက်သွေးချင်သူတွေကို ကျွန်တော်တို့ ဖိတ်ခေါ်လိုက်ပါတယ်

ကဗျာတွေကို post တင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ mail ဖြစ်တဲ့

sailaopoeng@gmail.com, l0gtic@gmail.com နှင့် mynameizzawmyohtet@gmail.com သို့ ပေးပို့နိုင်ပါတယ်။

ဒါအပြင် တက်သစ်စ ကဗျာသမားတွေသာမက အနုပညာအစ်ကိုများဖြစ်တဲ့

ကဗျာဆရာများကိုလည်း ဖိတ်ခေါ်လိုက်ရပါတယ်။

အားလုံးရဲ့ posting တွေကို လေးစားလျှက် ....

အရူးရေးတဲ့ ကဗျာ

အရူးရေးတဲ့ ကဗျာ

ညိုပြာရောင်ဖူးပွင့်နေတဲ့ ညပေါ့

ငါ့သွေးကြောထဲက ပူစီဖောင်းလေးတွေ

မေးခွန်းတွေနဲ့ ပလုံစီစီ


ဘယ်လိုလဲ ..

အချိန်လု ရှင်သန်ခြင်းထဲက အနှစ်သာရများ

သတ်ပုံမှားနေတဲ့ လူသားဆန်မှုနဲ့ ပါးစပ်ပေါက်များ

ငါ့ရဲ့ အတွေးအိမ်လေးဟာ ဟောင်းနွမ်းလွန်းလှပါပြီကွာ


ဒီလိုနဲ့ဘဲ

စက္ကန့်တံလေးတွေနဲ့အတူ အသက်တွေ ကပ်ကပ် ပါသွား

(ငါ့အလည့်က ဘယ်အချိန်တုန်းတဲ့)

အနှစ်မဲ့ အမှိုက်ပုံကြီးမှာတော့ ငါတို့ သေသေနေတာ အကြိမ် သုံးသန်းမကတော့ဘူး


ဟုတ်ပါရဲ့

နှစ်ဆယ့်သုံးနှစ်လုံးလုံး ငါဘာတွေ ရရှိပေးဆပ်ခဲ့ပါသလဲ

ချစ်ခြင်းမေတ္တာကလွဲရင်

ညီမျှခြင်းနောက်ဘက်မှာ သုညထက်ဘာမှ ပိုမရှိဘူး


ပူစီဖောင်းလေးတွေလည်း တစ်စစီ ကွဲပေါက်

ငါ့အတွေးအမှိုက်ပုံလေးလည်း သေရှင် ရှင်သေ

ငါလေ

ချစ်ခြင်းကလွဲရင် ဘာမှ မကျေနပ်ဘူး

s-spot

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP