Pages

အမေ့အတွက်ကဗျာ

>> Wednesday, December 31, 2008

ကံကြမ္မာက မျက်နှာသာမပေးတော့
အမေ့ခမျာ ဘယ်လောက်ကြိုးစားပြီး အနစ်နာခံခံ မျက်နှာမရဘူး
အဝေးက အဖေကတော့ ဘယ်လိုတွေးနေမယ် မပြောတတ်ဘူး
အမေ့မှာ ပျို့တက်လာတဲ့ အားငယ်မှုကို ပြန်မျိုမျိုချနေရရှာတယ်

ကြံ့ကြံ့ခံတဲ့ အမေ့ခြေထောက်တွေပေါ်မှာ
ကျွန်တော်ဖက်တွယ်ရပ်တည်ခဲ့တာ ခက်ခဲကြမ်းတမ်းတဲ့ သုံးနှစ်ကျော်ပါ
ဒါတောင်မှ
တစ်ခါတစ်ရံ လျှံကျလာတဲ့ အမေ့မျက်ရည်တွေအတွက်
ကျွန်တော့်မှာ စကားလုံးမရှိအောင်ကို ကျွန်တော်ကတုံးခဲ့
ပြဿနာတစ်ထောင်မှာမှ တစ်ခုပဲ ကျွန်တော့်ကို တိုင်ပင်ခဲ့တာ
ကျွန်တော့်ကို စိတ်ချမ်းသာစေချင်လို့လား အမေ
ဘာပဲပြောပြော
အမေ တိုင်ပင်ဖော်ရှားပါးနေတာ ဖုံးဖိထားသမျှ ထိုးထိုးထောင်ထောင်ပါ

မိသားစုပြန်ဆုံမယ့်အချိန်ကျမှ အတိုးချပျော်ပေါ့ အမေရယ်
အခုတော့ အမေလည်း ကြိုးစား, ကျွန်တော်လည်း ကြိုးစားပါ့မယ်
ဟိုအရင်က ကျွန်တော်တုံးခဲ့သမျှ နောင်တစ်ချိန်မှာ အမေ ပြုံရပါစေမယ် အမေ
အခုတော့
ဒီကဗျာလေးနဲ့ပဲ နှစ်သိမ့်လိုက်ဦးပေါ့ အမေရယ်။

မမီမကမ်း၊ တဆင့်နှိမ့်၊ ခိုငှက်လွတ်ခြင်း

>> Monday, December 22, 2008

တစ်ကောင်ဘယ်လောက်လဲ
လေးရာပါ၊ တစ်ထောင်ဖိုး သုံးကောင်ယူလေ
ငါ့လက်ထဲရောက်လာတဲ့အကောင်လေးက
မျက်စိမည်း နှုတ်သီးချွန်လေး
ချည့်နဲ့နဲ့အတောင်ပံတွေက ငါ့လက်ဖ၀ါးအောက်မှာ ရုန်းကန်လို့
မကြာခင် မင်းပျံသန်းရတော့မှာပါ ငှက်ကလေးရယ်
တစ်ကောင်ပြီးတစ်ကောင်
နိမ့်ချည် မြင့်ချည်
လေထဲမှာ ယိုင်နဲ့နဲ့
မတူညီတဲ့ ဦးတည်ချက်များဆီ
တူညီတဲ့ လွတ်လပ်ခြင်းဆီကို …

အမေ့အတွက်ကဗျာ ၂

>> Thursday, December 11, 2008

ကျွန်တော် အိမ်က ထွက်လာတော့
ဝဲခဲ့တဲ့ အမေ့မျက်ရည်တွေ
ကျွန်တော် အခုထိ မမေ့သေးဘူး
လောကဓံကို ကိုယ်တိုင်ကိုယ်ကျခံယူဖို့ လှမ်းခဲ့တဲ့ ခြေလှမ်းတွေပေါ့ အမေရယ်
ခွင့်လွတ်ပါလို့ပြောစရာမလိုအောင် အမေက ခွင့်လွတ်ပြီးသားဆိုတာ ယုံတယ်
အဖေ့မျှော်လင့်ချက်လေး အလင်းရ “မီး” လာဖို့
မလွတ်လပ်တဲ့အဖေ့ကိုယ်စား လွတ်လပ်ခြင်းတွေမှာ ပျံသန်းဖို့
ဖြန့်ခဲ့တဲ့ တောင်ပံတွေပေါ့ အဖေရယ်
ယုံကြည်ရာမှာ ရဲရင့်တဲ့ အဖေ့အတွက် ကျွန်တော်မှာ အားကျဂုဏ်ယူလို့မဆုံး

စဉ်းစားကြည့်မိရင်
ကျွန်တော့်မျက်ရည်တံတိုင်းတွေ ကျိုးကျိုးကုန်တယ်
မိသားစုသုံးယောက်မှာ
အဖေတစ်နေရာ
အမေတစ်နေရာ
သားတစ်နေရာ
တစ်ယောက်ခြင်းစီ သိမ်ငယ်
တစ်ယောက်ခြင်းစီ မျှော်လင့်
တစ်ယောက်ခြင်းစီ ဆုတောင်း

လူမစုံတဲ့ ထမင်းဝိုင်းလေးမှာ
အခုတော့ အမေတစ်ယောက်တည်း
အရမ်းသတိရနေချိန်တိုင်းမှာ
ကျွန်တော်က ဖုန်းဆက်တယ်တဲ့ အမေကပြောတယ်
အဲဒီလောက်ထိအောင် ချစ်ခြင်းမေတ္တာတွေ ပြည့်စုံအားကောင်း
လူစုံတက်စုံ မိသားစု ထမင်းဝိုင်းလေး
ကျွန်တော်တို့သုံးယောက်လုံး ဆာလောင်တာပေါ့ အမေရယ်
အခုတော့ သည်းခံဦးပေါ့

ဒီမိသားစုလေးမှာ ကျွန်တော်ပါဝင်ခွင့်ရတာ
နတ်ကောင်းနတ်မြတ်တွေ ပေးသနားတဲ့ ဆုလဒ်ကြီးပါ
အဲဒါကြောင့် ဟိုသီချင်းစာသားလေးလို
လူတွေအားလုံးထဲ ကျွန်တော်ဘိတ်ချေးဖြစ်နေစေဦးတော့
ပထမရသလိုခံစားရပါတယ် အဖေနဲ့ အမေရယ်
အဲဒီအတွေးနဲ့ ပြုံးတဲ့အပြုံးဟာ
ကျွန်တော်ရဲ့ လူသားအဆန်ဆုံးအချို့ထဲက တစ်ခုပေါ့
ကျွန်တော်ရဲ့ ဂျစ်ပစီ နေ့ရက်တွေထဲက အားဆေးပေါ့
ကျွန်တော်ရဲ့ ခွေယိုင်နေတဲ့ ခြေထောက်တွေအတွက် ချိုင်းထောက်ပေါ့
အဲဒီလို ကျွန်တော် ယုံကြည်တယ်

မနက်တိုင်း
မျှော်လင့်ချက်နဲ့ အိပ်ရာထနေရတဲ့ ကျွန်တော်
အဖေနဲ့ အမေကို
ဟော့ဒီစာမျက်နှာလေးနဲ့ ကန်တော့လိုက်ပါရဲ့
မျှော်လင့်ချက်ပန်းလေးတွေ ပွင့်ပါစေလို့

စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်

>> Saturday, December 6, 2008

တစ်နေ့လုံး ဘယ်နားထားရမှန်းမသိတဲ့ စိတ်
ညနေရောက်တော့ ငရဲနဲ့တွေ့နေပြီ
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
စက္ကူစွန်ဖြတ်ပွဲတွေထဲ ငါမပါဘူး
အရိပ်နင်းပွဲတွေထဲ ငါမ၀င်ဘူး
တောလိုက်ပွဲတွေကိုလည်း ငါမုန်းတယ်
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
ခဏခဏအသက်အောင့်ထားမိလို့ ခဏခဏသက်ပြင်းချရတယ်
(ငါ့သူငယ်ချင်းကပြောတော့ အသက်တိုဆေးပေါ့တဲ့)
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
အမှောင်နဲ့ခင်းထားတဲ့လမ်းပေါ်က ခေတ်
ဆရာသစ္စာနီလိုလည်း နေမင်းဆီဖုန်းမဆက်ချင်ဘူး
အရင်ကဗျာထဲကလိုလည်း အလင်းတွေ မမျှားချင်တော့ဘူး
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
ငါ့မျက်လုံးတွေလည်း ညစ်ထေးမှုနဲ့ အောင့်နေပြီ
ညနေဆိုတော့ အာရုဏ်ဦးနဲ့ ဝေးသေးလား
(ငါတကယ် မသိတော့ဘူး)
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
ဘ၀နဲ့ ဆတူ အကုသိုလ်တစ်ထပ် ကျောပိုးအိပ်ထဲထည့်သူထည့်
အသိဥာဏ်ဟောင်းလောင်းလွယ်အိပ်ကို လွယ်သူလွယ်
ရှေ့မှာစတိုင်အပြည့်နဲ့ နောက်ကျောဘက်မှာ ဖင်ပေါ်သူပေါ်
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်
ဒီညနေမှာ
ငါတကယ်
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်…

ချစ်သူ

>> Sunday, November 30, 2008

ချစ်သူ
တစ်ယောက်တည်း အထီးကျန်နေတဲ့ ဒီအခန်း...အလင်းမရှိတာဆန်းသလား !
အမှောင်ထဲမှာနှလုံးသားတွေကျင့်သားရနေတာ . . .အလင်းကိုတောင်ကြောက်နေတတ်ပြီ. ..
အမှောင်ကိုမြတ်နိုးလို့တော့မဟုတ်ဘူး . . .အလင်းရဲ့မာယာတွေကို ကြောက်လို့ပါ . . .
သောက်လက်စဆေးလိပ်တိုတစ်တို ခုထိငွေ့မသေသေးဘူး ...
နောက်ပြီးရေးလက်စကဗျာတစ်ပုဒ် ခုထိအဆုံးမသတ်နိုင်သေးတာ
ငါ့လက်တွေ သွေးမခြောက်သေးလို့ပါ......

ဒိလောက်တောင် ခံစားတတ်နေတဲ့ငါ့ နှလုံးသား . . .
ငါကိုယ်တိုင်ရင်ခွဲပြီးထုတ်ထားတာ ဘယ်သူအပြစ်ပြောမလဲ !
ခုမှ မာနတွေနဲ့ ရဲရဲနီပြနေလိုက်တာ . . .
အလွမ်းအိုင်ထဲမှာ
ဖုတ်ဖုတ်လိုက်လိုက် ဖြစ်နေတာတောင်သတိမထားမိဘူး ...
ဒါတောင် အချစ်ကိုကိုပူစာတတ်တုန်း ...
ခံစားရတာနည်းတောင်နည်းသေးတယ်. . .
ဖြစ်နိုင်ရင် အခန်းထဲက အိမ်မြှောင်စုတ်ထိုးတဲ့အသံတောင် မကြားချင်ဘူး . . .

တကျွတ်.. . .ကျွတ်နဲ့ဆိုတော့ ကိုယ့်ကိုယ်များသနားနေကြသလားလို့
မဆီမဆိုင်တွေးပြီး အားငယ်နေသေးတယ် . . .
ပင့်ကူတစ်ကောင်လို အနှောင်အဖွဲ့တွေနဲ့မာယာလဲမများချင်ပါဘူး . . .
တစ်ခါတစ်လေ ဖြစ်သမျှအကြောင်းအကောင်းချည်းပဲဆိုပြီး
ခေါင်းငြိမ့်နေတတ်တဲ့ ပုတ်သင်ညိုလေးကိုတောင် အားကျမိသလိုပဲ. . .
ဘာလို့လဲဆိုတော့ငါလဲ အရောင်ပြောင်းတတ်လို့ပဲ.. .
ဟုတ်တယ်တစ်ချိန်ကမုန်းတယ်ဆိုတာကို ချစ်တတ်တဲ့ငါ ...အခု
ချစ်တယ်ဆိုတာကို မုန်းတတ်နေပြီလေ

ခဏတာမှားခဲ့တဲ့ အမှားတွေ(အရိပ်တစ္ဆေ)တွေရေ
ငါ့ကိုမခြောက်လှန့်ချင်ပါနဲ့တော့..
" ငါ"
မကြောက်တတ်ချင်တော့လို့ပါ . . .
နောက်ပြီး . . . မာယာမပါတဲ့အချစ်ပွဲတစ်ပွဲ . . .
မာနကိုကိုင်ဆွဲပြီးကစားချင်သေးတယ် . . .
မျက်ရည်မကျစတမ်းပေါ့ .......ဘာလို့လဲဆိုတော့ . . . . .
ငါဟာမျက်ရည်ကို နှစ်သက်တဲ့
မျက်ရည် တစ်စက် . . ..ဖြစ်နေလို့ပါ . . .
"မမ"
ရဲ့ " မောင်"

kingprncss

အရိပ်နင်းသူ

>> Wednesday, November 26, 2008

သင်ထင်တာနဲ့တလွဲစီ
ခုန်အုပ်မိတာ သားကောင်ဟုတ်ရဲ့လား
တောလိုက်ကွင်းထဲမှာ ချပြထားတဲ့ အရိပ်တွေ အရိပ်တွေ
အရောင်အသွေး အစုံအလင်
အစွယ်အသွား အချွန်အထက်အမျိုးမျိုး
သင် နင်းမိတဲ့ အရိပ်က သင့်ကို ပြန်ခုန်အုပ်
လောင်းကြေးထပ်ထားတဲ့ ဘ၀၊ တစ်ခြမ်းမည်းသွား
သင့်မျက်နှာ ရှုံ့မဲ့ပြီး သင့်အရှုံးက ဂန္တ၀င်မဆန်ဘူး
ဘာမှ မရှိခြင်းထဲ သင် ရှုံးနိမ့်ခဲ့ရခြင်းအတွက် လက်ခုပ်သံတွေ ညံလို့…။

လွမ်းတဲ့အကြောင်း

>> Thursday, November 20, 2008

မှိတ်တုတ်မှိတ်တုတ်နဲ့ ငါ့အလွမ်းတွေ အားကောင်းလာလိုက်တာ
ညဆိုတာမှာ အိပ်စက်ခြင်းကို ငါမေ့သွားတယ်

ငါ့လက်ဖျားပေါ်က အနွေးငွေ့လေး
အခုထိ လောင်ကျွမ်းအားကောင်းတုန်း
နူးညံ့ခြင်းတစ်သိုက်နဲ့ ငါ့စိတ်တွေ လှိုက်သွားတယ်
သာမာန်ကိစ္စလေးမှာလဲ သူ့ကြီးကျယ်ခမ်းနားမှုနဲ့သူ

ချစ်ခြင်းမေတ္တာမှာ ငါကျေနပ်တာလည်း ဒါပဲ
ရိုးရိုးဆန်းဆန်း ဂုဏ်ဒြပ်ခြင်းအတူတူ
သတိရစိတ်ခြင်း ထပ်တူ
ငါ့ညတွေကို ကိုင်လှုပ်နိုင်တာခြင်းလည်း တူ

အများကြီးပေးဆပ်စရာ မလိုဘူး
ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်ပေးစရာလည်း မလိုဘူး
ဒီကောင်မှာ
မင်းလက်ဖ၀ါးလေးတစ်ဖက်တည်းနဲ့တင်
အလွမ်းတွေ သွပ်သွပ်ခါနေပေါ့…။ ။

ဆေးကြောတဲ့နေ့တစ်နေ့

>> Wednesday, November 12, 2008

စိတ်ကို ကြိုးဖြေပြီး
ငါ့ရင်ထဲက အနည်အနှစ်တွေနဲ့ ပင်လယ်ကို သန့်စင်ဖို့ကြိုးစား
ဘ၀ကိုတော့ အင်္ကျီချိတ်မှာ ချိတ်ပြီး နေလှန်းရမယ်

ကဲ မိတ်ဟောင်းဆွေဟောင်းကြီး မနက်ဖြန်ရေ
သန့်စင်တဲ့ အလင်းတို့နဲ့ ငါ့ကို လက်ဆွဲနှုတ်ဆက်ပါလေ
အညှာအတာကင်းမဲ့တဲ့ မြှားမိုးတွေတော့ တော်လောက်ပြီ

ဒီလို
စူးတွေနဲ့ အမှတ်တရ အဆင်မပြေမှုများ
ချွန်ထက်လှပတဲ့ အမြတ်တနိုး ဒဏ်ရာများ
ငါ့ရင်ဘတ်ထဲ ပွေ့ပိုက်မထားချင်ဘူး
ရောက်ရာနေရာမှာ ငါ ချထားပစ်ခဲ့ရမှာပဲ

တကယ်ပါ
စိတ်ကို ရေချိုး ဂျီးညှော်တိုက်ပေးပြီးသွားပြီ
ဘ၀လည်း နေရောင်အလုံအလောက်နဲ့ အနံအသက်ပျောက်လောက်ပြီ
ရှေ့ဆက်ဖို့အတွက် မနက်ဖြန်လင်းဖို့ပဲ ကျန်တော့တယ်

ကောင်းမြတ်သော နေရောင်ခြည်
ငါ့အား မွေးဖွားရန်
ထွန်းညှိပါတော့လော့ …

slp

အိမ်မက်က နိုးတဲ့ည

>> Sunday, October 26, 2008

ညက ငါ့ကို ကြည့်နေတဲ့ ညကပေါ့
အိမ်မက်ထဲမှာ
ငါက သက်တန့်လေးဖြစ်နေတယ်
အရောင်တွေစုံလို့ပေါ့
ချစ်သူကိုကျောပေါ်မှာတင်
ငါလမ်းလျှောက်ထွက်ခဲ့တာလေ
ကမ္ဘာရဲ့ အစွန်အဖျားကိုရောက်တော့
နာကျင်စရာကျောက်ဆောင်ကျောက်ခဲတွေကို ပစ်ချလွင့်ပစ်
ငါ့ခန္ဓာနဲ့ တံတားထိုးတော့ ချစ်သူကရယ်တယ်
ဟိုဘက်အစွန်းမှာ ဘာတွေရှိသလဲတဲ့
ကိုယ်လဲဘယ်သိပါ့မလဲချစ်သူရယ်
ဒီလိုပဲ အမှောင်ထဲက အလင်းတွေကို မျှားကြတာပေါ့
ကိုယ်တို့သွေးတွေ မခမ်းမချင်းလေ
အိမ်မက်ကနိုးတော့
ငါးမျှားချိတ်မှာ ငြှိနေခဲ့တဲ့စိတ်ကို ဆွဲနှုတ်
ညကို ငါပြန်ကြည့်နေမိတော့တယ်
အဖြူ အမည်း ပိတ်ကားတစ်ချပ်လို…။ ။

အဓိပ္ပာယ်မဲ့ စိတ်အခင်းအကျင်း

>> Friday, October 10, 2008

ကဗျာရေးမယ့်စိတ်က ခဲတံချွန်နေတာ ကြာလှပြီ။
ဗလာဦးနှောက်နဲ့ အတွေးအခေါ်မိုးတွေရွာချ
ငါ့ရဲ့ 'ဘာမှ မရလိုက်မှု'တွေ ရွှဲရွှဲစိုကုန်တယ်

ကြာတော့
ခံစားချက်လေးကိုပဲ ပြေး , ပြေးပြီး အားနာရ
ငါ့ရဲ့ဘ၀တစ်ခြမ်းက အလင်းမရတော့ဘူး

ငါဟာ သေလူတစ်ယောက်လို သံချေးတက်
စည်းချက်ပျက် ငါ့အသက်ရှူသံတွေလည်း ထုံးထိုင်း
အဓိပ္ပာယ်တွေ တန်ဖိုးမဲ့ကုန်ပေါ့

လိုက်နေတာလား ပြေးနေတာလား?
ငါ့ရဲ့စိတ်ပြေးလမ်းက မညီမညာ ယိုင်လဲလို့
ကဗျာဆိုတဲ့ လိပ်ပြာလေး အခုထိ ပြန်ဖမ်းလို့ မမိသေးဘူး။

လက်ရှိ

>> Wednesday, October 1, 2008

သိပ်လဲစိတ်မ၀င်စားသလို
သိပ်လဲတွေးမထားဖြစ်ဘူး
ရင်ထဲမှာဘလာသက်သက်ဘဲ

လက်ရုံး

အဲဒီမြို့ကလူတွေကို ပေးဖတ်လို့မရတဲ့ ကဗျာ

>> Tuesday, September 30, 2008

ဘယ်သကောင့်သား အန်ချလိုက်တယ်မသိဘူး
မြို့ကြီးဖြစ်လာတယ်။

အဲဒီမြို့ကြီးမှာရှိတဲ့ ကျီးတိုင်းလိုလို သူ့နှုတ်သီးသူ ထက်မြအောင် သွေးလို့
သားငြှီနံ့သင်းတဲ့ စားကျက်ကို ရေလောင်းပေါင်းသင်မွေးလို့
ဘယ်တိမ်မှ ဖြတ်မပျံ၊ ဘယ် နှင်းမှ မဝဲနိုင်တဲ့မြို့

အဲဒီမြို့က
ကမ္ဘာမြေရဲ့ ရင်ကွဲသံနဲ့ သီချင်းဆိုတယ်
ဒုက္ခမျက်ရည်နဲ့ ရေချိုး ဂျီးညော်တိုက်တွန်းတယ်
ပြီးမှ
ကိုယ့်မာနကို ပြန်စားသောက်နေလိုက်ကြတာ အစာအိမ်ဟောင်းလောင်းနဲ့

နာကျင်ခြင်းတွေနဲ့ ယဉ်ပါးစွာ ပျော်ရွှင်ခဲ့
ဒဏ်ရာကို တယုတယ လျှာနဲ့ သပ်ခဲ့တဲ့
နှလုံးသွေး အရောင်ဖျော့တဲ့ မြို့လေ

ရှိသမျှ ဘုရားသခင်တိုင်း မကယ်တင်နိုင်တော့တဲ့ အန်ဖတ်မြို့
ဘယ်ကမ္ဘာသားမှ ဆေးကြောမပေးချင်တဲ့ အန်ဖတ်မြို့
ဟို ဘုရားမေ့တရားမေ့ကောင်တွေက ဆာလောင်စွာ စောင့်ကြည့်နေတုန်း။

ဝမ်းနည်းမိုးတိမ်များ

>> Saturday, September 20, 2008

သမရိုးကျ ကိစ္စဘဲလို့တော့
တွေးတောင်မတွေးတတ်တော့ဘူး
ငါ့ပစ္စပ္ပန်တွေက
အညိုရောင်တိမ်ပုဒ်တွေလို
မြင်ရတာနဲ့တင် ကြေကွဲဖို့ကောင်းနေပြီ။ ။
ကောင်းကင်ကြီးက ခဏ ခဏ မာယာ များတတ်သလိုပေါ့
ကိုယ့်ဝမ်းနည်းမှု ကိုယ်ပြန်မြိုချ
အဓိပ္ပါယ်မဲ့ ပြုံပြနေရတာလောက်
သနားဖို့ကောင်းတဲ့ သတ္တ၀ါမရှိတော့ဘူး
ဗီဇ တစ်ခုသာပြုပြင်ရခက်နေရင်
ငါ့ ခန္ဓာကိုယ်တစ်ခုလုံးကို
အစိတ်စိတ်ခွဲပြီး ရှာကြည့်လှည့်စမ်းပါ…
ငါဘယ်လောက်ထိမ်းချုပ်ခဲ့လဲ့ မြင်လာလိမ့်မယ်…
အယူအဆနဲ့ တွေခေါ်ပုံခြင်းမတူညီတာဘဲ
အဖြေတစ်ခု ဖြစ်လိမ့်မယ်…
စကားလုံးတွေက ၀မ်းနည်းမှုကိုလဲ ဖန်တီးလေ့ရှိတယ်
ပျော်ရွှင်မှုကိုလဲ ရှာကြံပေးတတ်ကြတယ်လေ…
ခုချိန်ထိ ကန့်သတ်ချက်မထားနိုင်သေးတာ
ငါ့ အားနည်းချက်တစ်ခုပေါ့။ ။


လက်ရုံး

သေတ္တာထဲက စက်ရုပ်

>> Friday, September 19, 2008

ငါတို့ဟာ ရိုဘော့တစ်
ကမ္ဘာဆိုတဲ့ အစိုင်အခဲကြီးပေါ်ကပေါ့။
လှပတဲ့ သတ္တာလေးတွေထဲမှာ ငါတို့နေထိုင်တယ်
ရွှေ့လျားနိုင်တဲ့ သတ္တာလေးတွေနဲ့ ငါတို့ ခရီးသွားတယ်
ရုပ်ပေါ်ပြီး အသံထွက်တဲ့ သတ္တာလေးတွေကို ငါတို့ အရူးအမူး ထိုင်ကြည့်တယ်
ငါတို့အတွေးအခေါ်ကိုက သတ္တာဆန်နေတယ်
မပြည့်အချင်းအတင်းဖြည့်ဖို့ ကြိုးးစားနေတာပေါ့
နောက်ဆုံး ငါတို့သေရင်လည်း
အဲဒီလို သေတ္တာလေးထဲထည့်ပြီး သင်္ဂြိုလ်လိုက်ကြတာပဲ
ငါတို့စိတ်ထဲကအော်သံတွေအတွက် အသံထုတ်လုပ်နိုင်တဲ့ စပီကာမရှိဘူး
မြန်လေကောင်းလေခြေထောက်တွေမှာ စဉ်းစားတွေးခေါ်မှု မရှိဘူး
လှပတဲ့သဘာဝတရားဟာ ငါတို့ အိတ်ကပ်ထဲက ပိုက်ဆံသာဖြစ်တယ်
အပြေးအလွှားအိမ်မက်တွေဟာ အထီးကျန်ဆန်တဲ့ အရူးတစ်ယောက်လိုပဲ
မျက်ရည်မှာ သတ္တုနံနဲ့ အပြုံးမှာ ယန္တယားနဲ့
ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို မေ့လျော့လို့
သတိမရခြင်းအနုပညာမှာ ငါတို့ ရုပ်ဝတ္တုဆန်ဆန် ရသမြောက်ကြတယ်
ဘ၀ဟာလည်း ချပြလို့မရလောက်အောင်ကို ကြွပ်ဆတ်ခဲ့ပေါ့

ဘ၀ကိုယ်တိုင် သရုပ်ဆောင်တဲ့ ပြဇာတ်

>> Saturday, September 13, 2008

ဘ၀ကို မှော်ဆရာရဲ့ ကြိမ်လုံးထဲ ထည့် ဝှေ့ယမ်းကြည့်လိုက်တယ်
ဘယ်လို ထူးခြား ခမ်းနားဆန်းကြယ်ခြင်းတွေ ထွက်ကျလာမလဲလို့

ဘ၀ကို လူမိုက်တစ်ယောက်ရဲ့ သေနတ်ထဲ ထည့် ပစ်ကြည့်လိုက်တယ်
ဘယ်လို လျင်မြန်ခြင်းမျိုးနဲ့ ရန်သူ့ဘ၀ကို ထိုးဖောက်ချေဖျက်လိုက်မလဲလို့

ဘ၀ကို မြွေတစ်ကောင်ရဲ့ လျှာဖျားလေးမှာ တင်ထားကြည့်လိုက်တယ်
ဘယ်လို အဆိပ်ပြင်းမျိုးတွေနဲ့ မွေးဖွားရှင်သန်နိုင်မလဲလို့

ဘ၀ကို ပက်စီပုလင်းထဲ ထည့် သောက်ကြည့်လိုက်တယ်
ဘယ်လို လေပူစီဖောင်းလေးက ဘ၀ရဲ့ အရသာဖြစ်လိမ့်မလဲလို့

ဘ၀ကို ဆက်ကပ်ဆရာရဲ့ ဓားတစ်ချောင်းထဲ ထည့် ပစ်ကြည့်လိုက်တယ်
ဘယ်လို တိကျမှုမျိုးနဲ့ ပန်းတိုင်ကို ရောက်မလဲလို့

ဘ၀ကို ကဗျာတစ်ပုဒ်ထဲ ထည့် ဖတ်ကြည့်လိုက်တယ်
ဘယ်လို ဖရိုဖရဲ အဓိပ္ပာယ်တွေေ၀၀ါးလေမလဲလို့

ဘ၀ကို နှလုံးသားလေးထဲ ထည့် စီးဆင်းကြည့်လိုက်တယ်
ဘယ်လို ရင်ခုန်မှုမျိုးနဲ့ ကြည်နူးခြင်းတွေ ဖိတ်စင်ကျလာမလဲလို့

ဘ၀ကို ရေနွေးအိုးထဲ ထည့် တည်ကြည့်လိုက်တယ်
ဘယ်လို မေးခွန်းမျိုးတွေ ပလုံစီ ပွက်ပွက်ဆူလာမလဲလို့

ဘ၀ကို ဘ၀ထဲ ပြန်ထည့် ၀တ်ဆင်ကြည့်လိုက်တယ်
ဘ၀ဟာ ဘ၀နဲ့ မတော်တော့ဘူး
မပြီးသေးတဲ့ မေးခွန်းတွေနဲ့
ဘာမှမရှိခြင်းတွေနဲ့ပဲ ပိတ်ကားချလိုက်ရတော့တယ်
ပြီးပါပြီပေါ့ …။

l0gtic

၁နှစ်ပြည့်မှတ်တမ်း

>> Monday, September 8, 2008

သက်မှတ်ချက်တွေအတိုင်းသာဆိုရင်
ငါကိုမွေးဖွားခဲ့တာ..
ဘာလိုလိုနဲ့ ၁နှစ်သားရှိခဲ့ဘီ…..
အလွမ်းတွေဖွဲ့ခဲ့တဲ့ ညနေခင်းတွေ
သွေးစွန်းသွားခဲ့တဲ့ မြို့ပြညနက်တွေ
ကြယ်တွေကို ထိုင်ကြည့်ရင်း
ရေးဖြစ်သွားခဲ့တဲ့ သူမ အကြောင်းတွေ
ငါတို့ ခံစားချက်တွေကို နားလည်ပေးခဲ့ကြတဲ့ သူငယ်ချင်းများ
သူမအကြောင်းဆက်မပြောဖြစ်တော့တဲ့ စာမျက်နှာများ
အတိတ်ကိုမေ့မထားနိုင်တော့လဲ့ ခက်ပါရဲ့
(၁) နှစ်စာအပြည့် ငါ့လွယ်အိတ်ထဲ သိမ်းထားခဲ့တာပေါ့…..
ဒုက္ခတွေဘယ်လောက်ဘဲ ထက်မြနေပါစေ
ငါတို့ ခံစားချက်တိုင်းကို ငါ့စာမျက်နှာတိုင်းမှာ
ကမ္ဗည်းထိုးထားမယ်…
ရင်ခုန်သံတွေလတ်ဆတ်နေသ၍ပေါ့………..

လက်ရုံး

မုသားသစ္စာ

>> Friday, August 29, 2008

မာယာကမ္ဘား အထက်ဆီကို
ငါ့ကို ခေါ်ခဲ့ကြ
ရီဝေနေတဲ့ ညီလာခံမှာ
မုသားတွေ စုံလင်စွာ …

အမုန်းကို နှစ်သက်သူအဖြစ်
သူတို့ ဖန်ဆင်းကြ … ပြီးတော့
နာမည်ကိုပါ ပေးခဲ့ကြ

ဒီလိုနဲ့
သူနဲ့ ငါဟာ
အတူတူပေါင်းသင်းလာရင်း ရင်နှီးခဲ့ …

ငါတို့တစ်တွေ လမ်းခွဲကြတော့မယ်
အဲဒီအခါ
မင်းနာမည်ကို ငါခေါ်ဖို့
မင်းပြောတဲ့အခါ
သောကအတုကို မျက်နှာဖုံးစွပ်ပြီး
ငါ ပြန်ခဲ့တော့တယ်
'သစ္စာတရား'တွေဆီကိုပါ …။

လ၀န်း

မိုးတွေလေ … စိုပေ့စေ

>> Friday, August 22, 2008

မိုးတွေလေ
ရွာချကုန်ပြီ
စိုပေ့စေ ... ငါတို့ စိတ်အေးလက်အေး ဆက်လျှောက်ကြမယ်

မိုးတွေလေ သည်းလိုက်ပုံက
ဒဏ်ရာတွေတောင် နက်ဝင်သွား
သွေးမတိတ်တေးနဲ့ မြှားတွေလို စိုက်ဝင်လာ မိုးစက်များ
အနီရောင်ရင်ဘတ်နဲ့ခံယူပါ့မယ်
မျက်ရည်တိတ်တေးအဖြစ်ပြောင်းသွားတဲ့အထိပေါ့

မိုးတွေလေ ရက်စက်တဲ့ အမှောင်တွေ သွန်းချ
စည်းပျက်ဝါးပျက်လမ်းတွေ တအိအိ ပိကျလာ
မကြောက်လေနဲ့
သန်မာတဲ့ငါတို့ခြေထောက်တွေနဲ့ လဲမကျအောင်တွန်းလှန်
ရုန်းကန်ရလေလေ ငါတို့ခြေရာတွေ နက်လေလေပဲ မဟုတ်လား

မိုးတွေလေ လောကဓံ
ရွာနှင့်လေဦး
စိုပေ့စေဦးပေါ့

ခြေလမ်းတိုင်း အဓိပ္ပာယ်ရှိစွာ
ယုံကြည်ခြင်းတရားအတွက် ငါတို့ ရွဲရွဲအစိုခံတယ်
မိုးတွေလေ ... စိုပေ့စေ
ငါတို့ ယုံယုံကြည်ကြည် ဆက်လျှောက်ခဲ့ကြတယ်

l0gtic

သခင်ကြင်လှည့်.....

>> Saturday, August 16, 2008

မဆုံခင်ဝေး ရင်တွင်ဆွေးပြီး
ကိုယ်တည်းကျန်ရစ် ကျွန့်အဖြစ်က
သခင်မာန်လျှော့ ကြင်နာတော့မှ
ချစ်ပန်းဖူးသစ် ပျိုးတိုင်းဖြစ်မည်
ချစ်မိုးစွေ့ပါစေသား....
ငါ၏လက်ရာ ဤကဗျာသည်
လွန်စွာပြေပြစ် ရေးတိုင်းဖြစ်လည်း
သခင့်အလှ ထွန်းသစ်စကို
တုပယှဉ်ပြိုင် မညွန်းနိုင်ပြီ
ကောင်းခြင်းမရေနိုင်ပြီတကား.....
ငါ၏သိက္ခာ ဂုဏ်ရှိန်ဝါသည်
လွန်စွာခန့်တည် ပြည့်စုံကြွယ်လည်း
သခင့်ထံဝယ် ပိုးစုန်းငယ်သို့
ချစ်ရေးငယ်သူပါတကား....
ငါ၏ချစ်ခြင်း မြဲခိုင်လင်းသည်
လွန်စွာသန့်စင် ရွှန်းလဲ့သွင်လည်း
သခင့်နှလုံး စိန်တောင်တုံးကို
လှိုက်စားစွမ်းပြိုင် မပျော်နိုင်ပြီ
မာကျောလှပါပေတကား...
ချစ်သူသခင် စီမ်းဘုရင်သည်
တိမ်ကောညွှတ်ပါး ကျွန့်ရိပ်နားဝယ်
ဘယ်ခါဘယ်နေ့ ခိုလှုံမွေ့မည်
ကြိုကာမသိ မှန်းဆမိသည်
မြန်ဆုံးရောက်ပါစေသား......

မောင်မောင်သက်

မာယာ ၀ါဂွမ်းဖြူ

>> Sunday, August 10, 2008

ဝါဂွမ်းဖြူ…
ပိုးစုန်းကြူးတစ်ကောင်ရဲ့ လာရာလမ်းမှာ
မီးမထွန်းထားသလို
လိပ်ပြာတစ်ကောင်ရဲ့ ပျံရာလမ်းမှာလည်း
ပန်းမခင်းထားဘူး -
ဝါဂွမ်းဖြူ…
မင်းဆီလာတဲ့ လာရာလမ်းမှာ
လမင်းရဲ့ အလင်းမရှိသလို
အသည်းနှလုံးတံခါးချပ်မှာလည်း
သော့ ပိတ်မထားပါဘူး…
စိမ်းစိမ်းကြည့်တဲ့ မျက်လုံးတွေ -
ပြုစားထားတဲ့ နှုတ်ခမ်းတွေ -
အမှောင်ကျစေတဲ့ ဆံနွယ်ခွေတွေ -
အားလုံးဟာ အစိမ်းသက်သက်ပါပဲ …
အမုန်းဆုံးလို့ ရိုးသားခဲ့တာတွေ
အချစ်ကစလို့ ဖြူစင်ခဲ့တာတွေ
မျက်နှာကိုမေးရင် သိတာပဲ မဟုတ်လား … ၀ါဂွမ်းဖြူရေ -
ဒါနဲ့များ
ငါ့ကို အကျရည်ထဲ အဆိပ်ထည့်
ခွက်တစ်ခုနဲ့ ၀ိဥာဉ်ကို
မာယာတောထဲ လွှင့်ခဲ့ရက်လေသလား …


လ၀န်း

ပြောင်းလဲခြင်းနောက်

>> Monday, July 14, 2008

အရင်ချိန်တုန်းက ကဗျာတစ်ပုဒ် အတွက်
ပိုက်ဆံ နဲ့ ၀ယ်ယူရတဲ့ လေငွေ့တစ်မျိုး
နာကျည်းချက် တစိတ်တစ်ပိုင်း
အလွမ်းခါးခါးတစ်ချို့
တိမ်လိုမြူလို ရစ်ဆိုင်းရင်း
ကျွန်တော့် ကဗျာတွေက အသက်ဝင်တယ်လို့ထင်ခဲ့တာဘဲ။ ။
အချစ်က အရာရာတိုင်းကို
ပြောင်းလဲစေခဲ့တယ်
ယဉ်ကျေးမှုမရှိတဲ့ ကျွန်တော့်မြို့တော်က
တစ်စစ ထွန်းကားလာခဲ့တယ်
သူမနဲ့တွေပြီးနောက်ပိုင်းတွေမှာပေါ့……..
အဖြူရောင်တိမ်စများ
ရွှေဝါရောင် မျှော်လင့်ချက်စိုက်ခင်းများ
ငါ့ ဘယ်ဘက်ရင်အုံ ထက်မှာ နက်ရှိုင်းစွာ
ရေးခြစ်ထားခဲ့သော သူမ၏ နာမတစ်ခု
နှစ်သစ်ကူး၏ ၃ရက်မြောက်ညနေခင်း
ဆန္ဒတစ်ခုဘဲ တောင်းဆိုခွင့်ရှိခဲ့ရင်
သူမကို ယဉ်ကျေးမှု ကုန်ဆုံးတဲ့အထိ
ထာဝရ ချစ်နေခွင့်ပြုပါ။ ။

လက်ရုံး

ယဉ်ကျေးမှု

>> Thursday, April 24, 2008

တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တတ်ပုံခြင်းမှ မတူခဲ့တာ
အရင်ရက်တွေက ထက်စာရင်တော့
သံယောဇဉ်တွေက ပိုပြီးသန်မာလာတယ်
သူမအတွက် နေ့ရက်တိုင်း အသက်ဝင်စေဖို့
အိပ်မက်ထဲ အထိတောင် စိုးရိမ်ခဲ့ရတာ
ကျွန်တော် နှစ်သက်တယ်………..
ခေါင်းခါ ငြင်းပယ်လေ့မရှိတဲ့
သူမ ရဲ့ ညစ်ကျယ်ကျယ် စိတ်ကူးတွေကြောင့်လဲ
အရာရာတိုင်းက ပိုပြီးနူးညံ့လာတာပေါ့
အယူအဆ မတူလို့ ရန်သူ ဖြစ်စတမ်းဆိုရင်
ကျွန်တော်နဲ့ သူမ အတွက်ကြောင့်
သူစိမ်းတွေတောင်
အရင်ကထက်စာရင် ပိုပြီး ယဉ်ကျေးလာကြတယ်။ ။

လက်ရုံး

ငါတို့ အချစ်မှာ တစ်ယောက်သတိရခြင်းထဲ တစ်ယောက်အရိပ်ခို

>> Thursday, April 3, 2008

ငါရဲ့ ချစ်ခြင်းဖွဲ့လေးရေ
ဘ၀ကို ပုခုံးပုတ်လို့
ငါတို့ရဲ့ သတိရစိတ်မှာ ငါတို့ ချိန်းတွေ့ကြ
ညမှောင်သွားလဲ အလွမ်းရဲ့ အလင်းကို ငါတို့ ပိုင်သေးတယ်

တကယ်လည်း အတွေးထဲမှာ လင်းနေတယ်
အချစ်ဆိုတာကြီးနဲ့ ငါတို့ တစ်ယောက်နံရိုးတစ်ယောက် ထိုးရင်း စနောက်
နွေတွေကို အထပ်ထပ်ရိုက်ခွဲလို့
တစ်ယောက်အရေအပြားအောက်တစ်ယောက် စိတ်မဆိုးကြေး ဖုထစ်ကြတယ်။

အခုလည်း
တစ်ယောက်မနေနိုင်အောင် တစ်ယောက်လွမ်း
အဲဒီကံကြမ္မာကြမ်း အနွမ်းကြီးကိုပဲ စိတ်တိုင်းမကျဘဲ ၀တ်ဆင်
နာရီတွေတောင် နရီပျောက်လို့
ငါတို့လည်း အတွေးတွေ များခဲ့ပြီ
ငါတို့လည်း အလွမ်းတွေ ချစ်ချစ်တောက်ပူခဲ့ပြီ

ကဲ
ဘယ်လို အနေအထားမျိုးမှာမှ
ငါတို့အလွမ်းတွေ connectionမပြတ်တောက်တော့ဘူး
ချစ်သူရေ ... ငါတို့
အချစ်မှာ တစ်ယောက်သတိရခြင်းထဲ တစ်ယောက်အရိပ်ခို ခဲ့လို့ပေါ့

l0gtic

အချိန် + ဒီရေ = သုည

>> Tuesday, March 25, 2008

ပုံမှန် သေဆုံးနေတဲ့နေ့ရက်တွေကိုတော့ အားနာပါရဲ့
သူမကို လွမ်းတဲ့အကြောင်းတွေကို
အပင်ပန်းခံပြီး ရေးခြစ်မထားခဲ့လို့
အချစ်ဆိုတာ
အကြိမ်ကြိမ် ရှင်သန်ထကြွနေလိုက်တာ
အနှစ်သာရဆိုတာဘယ်မှာရှာရမှာလဲ။ ။

ဒီရေတွေကလည်း
ငါ့ရင်ခွင်ဆိပ်ကမ်းကို ဒေါသတကြီးနဲ့
ခုတ်ထစ်နေကြတုန်း...........
နာကျင်မှုဆိုတာ ဖွင့်ဟဖို့
နှုတ်ဆွံနေခဲ့..........

သံပတ်တွေသာ တစ်ချက်ပြီးတစ်ချက် ကုန်သွားခဲ့မယ်
ပြောင်းလဲမှုကတော့
ခြင်္သေတွေ အကောင်ရေတိုးလာတာကလွဲရင်
အသက်ရှူရတာ မနေ့ကလိုဘဲ ပုတ်အက်အက်နဲ့
ထားပါတော့.......
သမိုင်းစာအုပ်ပေါ်မှာ လူတိုင်းရဲ့
အကြောင်းကို မှတ်တမ်းတင်ထားတာမှ မဟုတ်တာ.........

လက်ရုံး

မြို့

ကျွန်တော် သိခဲ့တဲ့ မြို့တစ်ခုမှာ
လျှပ်စစ်နဲ့ သွာတဲ့ကားတွေမရှိခဲ့
ဆီ (ဂက်စ်) အစားထိုးထားတဲ့
ဘက်ကားအိုတွေ ခြေချင်းလိမ်တဲ့မြို့
တားမြစ်ချက်ဆိုင်းဘုဒ်တွေ
အရောင်လွင့်ပြီး ခြစားခံထားရတဲ့မြို့
တစ်ယောက်နဲ့ တစ်ယောက်လွယ်လွယ်ကူကူဆက်သွယ်နိုင်ပေမယ့်
သတင်းကောင်းဆိုရင်ဘယ်တော့မှ မရောက်တဲ့မြို့
ပြီးတော့...ဘယ်တော့မှ မှန်လေ့မရှိတဲ့
နေ့စဉ်ထုတ်စာမျက်နှာများ လွင့်နေတဲ့မြို့
အရင်ကဆိုရင် ခေါင်းလောင်းသံတွေနဲ့ ဆူညံနေတဲ့မြို့
ခုဆို အစာလုသံ။ မာန်ဖီသံတွေကြီးစိုးနေတဲ့မြို့
တန်ဖိုးကြီး၍တန်ဖိုးမရှိဖြစ်နေသော ငွေစက္ကူများ
လူလိမ်ချင်းပြန်လိမ်နေကြတဲ့ မြို့လယ်ခေါင်လမ်းမများ
ဘ၀ကိုမွေးရာပါနားလည်နေကြတဲ့ လမ်းမကြီးပေါ်မှ ကလေးငယ်များ
တစ်ယောက်စကားတစ်ယောက်နားယောင်တတ်လွန်းလို့
ခြေရာချင်းထပ်နေတဲ့ မြို့ခေါင်မိုးများ
အသံကြားတိုင်းအကြောင်လွန်နေတဲ့ ခပ်ကြောင်ကြောင်မြို့သားများ
လိုချင်ပြီးမတောင်းရဲ့ဖြစ်နေကြတဲ့ ဆန္ဒများ
နောက်ဆုံး.....
မြို့က မြို့ကို ပြန်မြိုမိလို့ နင်နေလေရဲ့..............

လက်ရုံး

ရင်ကွဲ

>> Friday, January 18, 2008

ဒီလိုနဲ့ဘဲ
ဒီဇင်ဘာရဲ့နေ့ရက်တွေေ၀၀ါးခဲ့တာဘဲ
ဒီနေ့ကလွဲရင် မနက်ဖြန်အတွက်
မပြင်ဆင်ထားတတ်လို့လဲ...........
သူမအတွက် မျှော်လင့်ချက်အများကြီး
မပေးနိုင်ခဲ့တာပေါ့။ ။
အချစ်ကိုပေးဆပ်ခြင်းလို့ ခံယူခဲ့လို့
အနီးစပ်ဆုံး အဖြေတောင်ပြန်မတောင်းဖြစ်ခဲ့ဘူး
သူမပြောခဲ့သလိုဘဲ
ဘယ်လိုဖိအားမျိုးမှ မသက်ရောက်ခဲ့ဘူးဆိုရင်
.......................................................
ခုတော့လည်း
သူမ က သူမ လိုအပ်သူနဲ့
ငါ က လည်..........................................

လက်ရုံး

သူမသို့........မျှော်လင့်ခြင်း

>> Tuesday, January 8, 2008

ငါမြတ်နိုးလွန်းလို့
မင်းရင်ခွင်မှာ ခိုလုံခွင့်တောင်းခံခဲ့တာပေါ့..
အချစ်က အဓိက အကျဆုံး သော့တစ်ခုဖြစ်မယ်ဆိုရင်
သစ္စာတရားတစ်ခုခုနဲ့
တိုင်တည်ပြီးပြောပြချင်မိတဲ့
ငါ့အတ္တကို နားလည်ပေးပါ ချစ်သူ........
ဘ၀ကို သာမာန်အတွေးတစ်စနဲ့ ဖြတ်သန်းခဲ့ပေမယ့်
ချစ်ခြင်းတရားကိုတော့ ငါလေးနက်စွာ တန်ဖိုးထားခဲ့တယ်။ ။
သူမက နားလည်မှု အရှိဆုံးနဲ့
အဖြူစင်ဆုံး လူသားဖြစ်လို့ပေါ့...
အဲ့ဒီအတွက် ငါ နောက်ကျနေခဲ့မယ်ဆိုရင်လည်း
သံသရာ တစ်ကွေ့အထိ
ငါမျှော်လင့်နေမှာပါကွာ။ ။


လက်ရုံး

လပြည့်ည

>> Sunday, January 6, 2008

တစ်ချပ်ချပ်လည်ပတ်နေတဲ့နာရီကို အဓိပ္ပာယ်မဲ့ထိုင်ကြည့်နေခဲ့ဖူးတယ်
အချိန်တွေက ငါ့ဆီရောက်မလာခဲ့ဘူး

လှုပ်လီလှုပ်လဲ့ ပြန့်ကျဲနေတဲ့ ကြယ်တွေကို မျှော်လင့်ချက်နဲ့ အပြုံးဖလှယ်ခဲ့ဖူးတယ်
ကြယ်ကြွေတွေတောင် ငါ့ဆီရောက်မလာခဲ့ဘူး

သွေးဆာနေတဲ့လမ်းမတွေကို အကြောက်တရားနဲ့ လဒ်ထိုးခဲ့ဖူးတယ်
ငါ့ခြေထောက်တွေ ငါ့ဆီရောက်မလာခဲ့ဘူး

အိပ်မက်မပါတဲ့ကဗျာတစ်ပုဒ်ထဲ ငါချောင်းကြည့်ခဲ့ဖူးတယ်
လတ်ဆတ်တဲ့ရင်ခုန်သံတွေ ငါ့ဆီရောက်မလာခဲ့ဘူး

ထောင်ချောက်ဆင်ထားတဲ့အမှန်တရားနဲ့ သွေးစက်လက်ကပြခဲ့ဖူးတယ်
လွတ်မြောက်ခြင်းတွေ ငါ့ဆီရောက်မလာခဲ့ဘူး

တစ်ယောက်တည်းထိုင်နေခြင်းသီချင်းတစ်ပုဒ်နဲ့ လပြည့်ညကို ဖြေဖျော်ခဲ့ရတယ်
ဆေးဘက်ဝင်ကော်ဖီတစ်ခွက် ငါ့ဆီရောက်မလာခဲ့ဘူး

ငါ့ဆီရောက်လာတဲ့လရောင်ကြောင့် ငါ့ခဲတံကျိုးသွားတယ်
ဆက်မရေးနိုင်တော့တဲ့ ငြိမ်းချမ်းခြင်းဆုတောင်းနဲ့
လရောင်ကို ငါကြိုဆိုလိုက်ရပေါ့
ဘ၀ဟာလည်း ဟိုတစ်စ ဒီတစ်စ …

s-spot

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP